Friday, January 6, 2017

"နိဗ္ဗာန်ရောက်ဖို့ ..ပထမ ခြေလှမ်း"
••••••••••••••••••••••••••
( ဒုတိယပိုင်း )
ဒါဆိုကောင်းပါပြီ..ဒုတိယပိုင်း ကို ဆက်လက်တင်ပြရရင်...
"သက္ကာယဒိဋ္ဌိ"ကို ဘယ်လိုတရားနဲ့ ရှုမှ သက္ကာယဒိဋ္ဌိ ပြုတ်ပါလိမ့်မလဲ...ဆိုတော့..
"ဒိဋ္ဌိ..ဖြုတ်နည်း" ဆိုတဲ့ မိမိရဲ့  ခေါင်းစဉ်အတိုင်း ဆက်လက်တင်ပြရရင်...
"သက္ကာယဒိဋ္ဌိ" ပြုတ်တယ်ဆိုတာ..
"မဂ္ဂင်ရှစ်ပါး"နဲ့ ရှုမှ ပြုတ်ပါတယ်။
"မဂ္ဂင်ရှစ်ပါး" ကို အုပ်စု ၃ မျိုး ခွဲပြီးတော့.."သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်"ရယ်လို့ ဆိုပြီး ပြောဆို သုံးနှုန်းကြပါတယ်။
အဲဒီ ၃ပါးကို "သိက္ခာ( ၃ )ပါး လို့ လည်း ခေါ်ပါတယ်။
၁။သီလမဂ္ဂင် ( ၃ )ပါး
၂။သမာဓိမဂ္ဂင် ( ၃ )ပါး
၃။ပညာမဂ္ဂင် ( ၂ ) ပါး.. ဖြစ်ပါတယ်။
အဲဒီ ( ၈ )ပါး စလုံး စုံရင်တော့ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါတယ်။အပြန်အလှန်အားဖြင့် ပြောရရင်တော့.. နိဗ္ဗာန်ကို မျက်မှောက်ပြုမှ ဒီ မဂ္ဂင် ( ၈ )ပါး စုံပါတယ်လို့  ဆရာတော်ကြီးက မိန့် ကြားဘူးပါတယ်။
ဓမ္မမိတ်ဆွေတို့ နားလည်လွယ်အောင် ရှင်းပြရရင် ပထမဦးစွာ တရားစတင် ရှုမှတ်မယ်ဆိုရင် " မဂ္ဂင် ( ၅ )ပါး" ကို မိမိရဲ့ သန္တာန် မှာ ရှိလာအောင် အရင်အားထုတ်ရပါတယ်။
အဲဒီ ( ၅ )ပါးကတော့..
" သမာဓိမဂ္ဂင်( ၃ )ပါး နဲ့ ပညာမဂ္ဂင်( ၂ )ပါးဘဲ ဖြစ်ပါတယ်။
သမာဓိမဂ္ဂင်( ၃ )ပါးကတော့..သမ္မာသတိ၊ သမ္မာဝါယာမ၊သမ္မာသမာဓိ တို့ ဖြစ်ပြီးတော့၊
ပညာမဂ္ဂင်( ၂ )ပါးကတော့..သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပတို့ ဖြစ်ပါတယ်။
ဝိပဿနာ အားထုတ်မှုဟာ သွားရင်း၊လာရင်း၊ဈေးရောင်းရင်းလည်း အားထုတ်နိုင်တယ် လို့ သိထားကြတဲ့အတွက် သမာဓိထူထောင်စရာမလိုဘူးလို့ ထင်မှတ်တတ်ကြပါတယ်။တစ်ကယ်တော့ သမာဓိမဂ္ဂင်( ၃ )ပါးရှုဉာဏ်ကိန်းမှသာ ပညာမဂ္ဂင်( ၂ )ပါး ဖြစ်လာနိုင်ပါတယ်။
အထက်မှာ ဖေါ်ပြဖို့ ကျန်ခဲ့တဲ့ တစ်ခုကတော့..."သီလမဂ္ဂင်" ပါ။
"သီလမဂ္ဂင်"( ၃ )ပါးက တော့ "သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဖြစ်ပါတယ်။
"သမ္မာဝါစာ"ဆိုတာ...မုသားရှောင်ကြဉ် ရင် "သမ္မာဝါစာ" ပါဘဲ။
"ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရ ကို မကျူးလွန်ရင် "သမ္မာကမ္မန္တ"၊
လိမ်လည်ကောက်ကျစ်ပြီး အသက်မမွေးလို့ ရှိရင် "သမ္မာအာဇီဝ"။
ဒါ "သီလမဂ္ဂင်" ဘဲ ဖြစ်ပါတယ်။
သမာဓိမဂ္ဂင်
အထက်မှာ ဖေါ်ပြခဲ့သလို "သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီမဂ္ဂင်( ၃ )ဘာလို့ တွဲနေရသလည်း ဆိုတော့..
သူတို့ ဖာသာ တစ်ခုစီ နဲ့  ကိစ္စတစ်ခုကို ပြီးအောင်မလုပ်နိုင်ကြလို့ဘဲ ဖြစ်ပါတယ်။
ဥပမာ...
"သမာဓိ"တည်အောင် လုပ်တယ်ဆိုတာ.."ဝီရိယ"လည်းပါရတယ်၊"သတိ"လည်း ပါရပါတယ်။ဒါမှ "သမာဓိ"တည်နိုင်ပါတယ်။
"သက္ကာယဒိဋ္ဌိ" ပြုတ်ဖို့ အရေး "ဝိပဿနာ" အားထုတ်တဲ့အခါမှာ သမာဓိ တည်ဖို့ အရေးကြီးပါတယ်။ သမာဓိတည်ဖို့ အတွက်"ဝီရိယနဲ့ သတိ"မပါရင် မဖြစ်နိုင်တဲ့ အတွက်ကြောင့် ....
"သမာဓိမဂ္ဂင်"မှာ ဒီ မဂ္ဂင်( ၃ )ခု ကို ပေါင်းစည်း ထားတာပါ။
အဋ္ဌကထာ ဆရာက ဘယ်လို ဥပမာ ပေးသလည်းဆိုတော့...
မမှီ့တမီ ဖြစ်နေတဲ့ ပန်း တပွင့် ကို ခူးပုံနဲ့ ဥပမာ ပေးထားပါတယ်။
ဒီပန်းကို ဘယ်လို ခူးမလဲ ဆိုတော့.. တစ်ယောက်က ခါးကုန်းပေးရမယ်။ တစ်ယောက်က ကုန်းတဲ့ခါးအပေါ်မှာ တက်ရမယ်။ တစ်ယောက်က ဘေးကနေပြီး ပခုံးပေးရမယ်...တဲ့။ တက်တဲ့လူ လက်ကိုင်ဖို့ ပေါ့။ အဲဒီတော့မှ အပေါ်တက်ပြီး ရပ်တဲ့လူ ပုခုံးကိုင်ပြီးမှ လက်တစ်ဖက်က နေပြီး လိုတဲ့ ပန်းကို ဆွတ်လို့ ရမယ်ပေါ့။
မမီ့တမီ ပန်းကို ဒီသုံးယောက် ပေါင်းမိမှ ပန်းတစ်ပွင့်ကို ဣနြေ္ဒ ရရ ဆွတ်ခူးနိုင်မယ် ဆိုတဲ့ ဥပမာပါ။
ဒီလိုဆိုတော့...
ဒီ မမီ့တမီ ပန်း ဆွတ်ပုံမှာ ဘာကြောင့်တုံး.. ဆိုရင်...ရပ်နေတဲ့ ပုဂ္ဂိုလ်က ပန်းမဆွတ်နိုင်ဘူး … ။ ခါကုန်းပေးထားတဲ့ ပုဂ္ဂိုလ်ကလည်း … ပန်းမဆွတ်နိုင်ဘူး။ အပေါ်တက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဘဲ ပန်းကို ဆွတ်ခူးနိုင်ပါတယ် ။အပေါ်တက်တဲ့ ပုဂ္ဂိုလ်ကလည်း ယိမ်းယိုင်နွဲ့နေမယ် ဆိုလို့ ရှိရင်လည်းမဆွတ်နိုင်ဘူး။ ဒီ ပန်းတစ်ပွင့်ရဖို့ သုံးယောက်ကူရတယ်။
အဲဒီအတိုင်းပါပဲ...ဝိပဿနာ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်တွေ ဟာ "သမ္မာဝါယမ"ဆိုတဲ့ "ဝီရိယမဂ္ဂင်"က ခါးကုန်းပေးတဲ့ လူနဲ့တူတယ်၊ "သမ္မာသတိ"ဆိုတဲ့ ပုဂ္ဂိုလ်က ပခုံးလေးနဲ့ အနားနားက ကပ်ပြီး ရပ်နေတဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ် ။"သမ္မာသမာဓိ" ဆိုတဲ့ ပုဂ္ဂိုလ်က ကုန်းတဲ့ အပေါ်တက်ပြီး ခုနက ပုခုံးကိုင်ပြီး ဣနြေ္ဒရရ နဲ့ အပေါ်က ပန်းကို ဆွတ်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ်.. လို့ ဆိုပါတယ်။ ဒါဖြင့် ပန်းတစ်ပွင့် ရဖို့ ဘယ်နှစ်ယောက် ကူရသလဲ ဆိုတော့.. သုံးယောက်ကူမှ ပန်းတစ်ပွင့် ရသလို ဒီမှာလည်း ဝိပဿနာ အလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီသုံးခု မပါလို့ ရှိရင် ဖြစ်ကို မဖြစ်နိုင်တဲ့ အတွက် သူတို့သည် "သမာဓိ" အခြံအရံ "ဝီရိယ နဲ့ သတိ" ဟာ သမာဓိ အားပေးမှု တစ်ခုသာဘဲ ဖြစ်ပါတယ်။
ဝိပဿနာ ရှုတော့မယ် ဆိုရင်..သမာဓိရှိရမှာဖြစ်တဲ့အတွက် သမာဓိတစ်ခုဖြစ်ဖိုံအတွက် ဝီရိယ လည်းပါမှ သတိ ကလဲ ဘေးက ငြိမ်ငြိမ် ပန်းဆွတ်နိုင်အောင် ကိုင်ရသလို ဒါမှ "သမာဓိ" ဆိုတဲ့ ပုဂ္ဂိုလ်က အပေါ်ကနေ ပန်းဆွတ်နိုင်သလို...ဝီရိယ ကို လည်းလွှတ်လို့လည်း မရဘူး၊ "သတိ"မထားရင်လည်း မရပြန်ဘူး၊ "သမာဓိ" မပါလို့ ရှိရင်လည်း ရှုနေတဲ့ "အာရုံ"က စိုက်ခနဲ၊ စိုက်ခနဲ့ မသွားဘူး …
ဒီတော့ ဓမ္မမိတ်ဆွေတို့ အနေ နဲ့  ဒီ "သမာဓိ မဂ္ဂင်" သုံးခု ရှိနေရတဲ့ အကြောင်းကိုတော့ ရှင်းလောက်ပြီ လို့ ထင်ပါတယ်… ။
အထက်က စကားပြန်ကောက်ရရင်...
သမာဓိမဂ္ဂင် မှာ သုံးယောက်ပေါင်းမှ ကိစ္စတစ်ခုပြီးပါတယ်။
ထို့အတူပဲ ..တဲ့။ ဓမ္မမိတ်ဆွေတို့ "ဝိပဿနာ" အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သမာဓိ တည်ချင်လို့ ရှိရင် "သတိကို လက်မလွှတ်နဲ့၊ ဝီရိယ ကို လည်း မလျှော့နဲ့ … ။
ဒါမှသာ "သမာဓိ" လိုရာပန်းကို ဆွတ်နိုင်သလို ခုနက "အနိစ္စ၊ ဒုက္ခ၊ အနတ္တ"ဆိုတဲ့ ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်တွေကို သူ ကောင်းကောင်းမွန်မွန် မိအောင် ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ သုံးခု ပေါင်းမှ ကိစ္စပြီးတယ် ဆိုတဲ့ဥစ္စာ မမြင်သေးဘူး … ဒီသုံးခုထဲက တစ်ခုခု လိုနေလို့ ဖြစ်တာပါဘဲ။
ဓမ္မမိတ်ဆွေတို့ အနေနဲ့ ...
ရှုမှတ်နေတာကြာလှပြီ..ဖြစ်ပျက်ကို မမြင်သေးပါဘူး ဆိုလို့ရှိရင်တော့ အောက်ကခါးကုန်းပေးတဲ့ ဝီရိယ နည်းနေတာ သော်လည်းကောင်း၊ ဘေးကရပ်ပြီး ပုခုံးလေး ပေးဖို့ ရပ်ပေးနေတဲ့ ပုဂ္ဂိုလ်လို တစ်ယောက် လို ဖြစ်တဲ့ "သတိ" ချို့ ယွင်းနေလို့ သော်လည်းကောင်း ဖြစ်ရပါမယ်။ ဒါကြောင့်မို့ "သမာဓိ"ဟာ ဖြစ်ပျက် ရှိရာကို စိုက်ခနဲ၊ စိုက်ခနဲ မသွားပါဘူး …။
"သမာဓိ" ချည်းသက်သက် လည်း ဘာမှ မလုပ်နိုင်ပါဘူး ။
ပန်း တွေရဲ့  အကောင်းအဆိုးကို ရွေးတတ် သလား ဆိုတော့...
"သမာဓိ" က ပန်းမီတာ ပဲ ရှိပါတယ်။ အကောင်းအဆိုး ကို မရွေးတတ်ပြန်ဘူး … ။
ဘာလို့ လည်းဆိုတော့...
သူက တည်ကြည်မှု တစ်ခုသာ၊ ဒီ" အာရုံ" ရှိရာကို တည့်ပေးတာပဲ ရှိတာပါ။ သမာဓိ က ထိုးထွင်းပြီးတော့..
ဒါ အဖြစ်ပဲ၊ ဒါ အပျက်ပဲ၊ ဟောဒါကတော့ သင်္ခါရပဲ။ ဟောဒါက … အနိစ္စ ပဲ၊ ဆိုတာကျတော့..သူနဲ့ မဆိုင်ပါဘူး ။ သိလည်း မသိပါဘူး။
သိဖို့ အတွက်ကျတော့...
"ပညာမဂ္ဂင်" အကူညီပါရပါတယ်။
"ပညာမဂ္ဂင်" ဖြစ်လာဖို့ အကူအညီ ပေးတဲ့ တရားသုံးခုဟာ. " သမာဓိ မဂ္ဂင်" ဖြစ်တဲ့ " သတိ၊ဝီရိယ၊သမာဓိ"ပါ။ ပညာမဂ္ဂင်ကို အကူအညီ ပေးတဲ့ တရားသုံးခု လို့ မှတ်ထားကြပါ။ ဓမ္မမိတ်ဆွေ တို့ အတွက် ထပ်တလဲလဲရေးနေတာဟာ.. စွဲသွားအောင် မှတ်မိစေချင်လို့ ပါဘဲ။
ဒီတော့..."ပညာမဂ္ဂင်" က ဘာလဲဆိုတော်..
"သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပ"
"ပညာမဂ္ဂင်"တစ်ခုတည်းမှာ "သမ္မာသင်္ကပ္ပ"က ဘာကြောင့်လာတွဲနေရသလဲ ဆိုတော့..
ဥပမာ....
ဟိုဘက် ဒီဘက် အကောင်းအဆိုး ရွေးချင်တဲ့ အကဲဖြတ်တဲ့ပုဂ္ဂိုလ် သဘောမျိုးပေါ့။နားလည်လွယ်အောင် ပြောတော့...အကဲဖြတ် ဒိုင် ပေါ့။
တခြားဥပမာအနေနဲ့  ပြောရရင်...
အသက်ကြီးလာလို့ မျက်စိအားနည်းတဲ့ လူအတွက် မျက်မှန် မှာ ပါဝါဒီဂရီ Power ထည့်ပေး လိုက်တဲ့ အခါ ဒီလူဟာ လူငယ်တစ်ယောက် လိုပဲ သူမြင်ပါလိမ့်မယ်။လူငယ်လိုပဲ သူမြင်တယ် ဆိုတော့ သူ့မျက်လုံးချည်း သက်သက် မြင်သလား။ မျက်မှန် အကူအညီ ရမှ သူသည် ရှင်းရှင်းလင်းလင်း မြင်သလားဆိုတာ အကဲခတ်ကြည့်ပါ။ မျက်မှန်ဆိုတဲ့ အကူအညီ ကင်းမဲ့နေလို့ ရှိရင် သူဟာ မြင်တော့ မြင်ပါရဲ့  .ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး …။
ဒါ့ကြောင့် မျက်မှန်က "သမ္မာသင်္ကပ္ပ" တူပါတယ် ။မျက်လုံးက "သမ္မာဒိဋ္ဌိ" နဲ့ တူပါတယ်။သူတို့နှစ်ခု… ကင်းလို့ မဖြစ်ပါဘူး။ တစ်ခုကင်းရင် တော်ရုံပဲ မြင်ပါလိမ့်မယ် …။
ဒါ့ကြောင့်..
အထက်ကပြောတဲ့ ပန်းကို ဆွတ်ခူးတဲ့နေရာမှာ ပန်းအကောင်းကို တိကျစွာရွေးချယ်တတ်ဖို့ မျက်လုံး နဲ့ မျက်မှန် နဲ့ လိုတဲ့ သဘောပါ။တိတိကျကျ မြင်နိုင်ဖို့ အတွက် "သမ္မာသင်္ကပ္ပ" အကူညီလိုပါတယ်။
တစ်ခုခု လုပ်နေရင် တစ်ခြားအကူညီလိုပါတယ်။
ဒါပေမယ့်...
" သီလမဂ္ဂင်" ကျတော့ .. သုံး ခု ဖြစ်နေပေမယ့်..သူတို့က တစ်ခု လုပ်နေရင် နှစ်ခု မပါ ပါဘူး ။
ဒါက...သီလမဂ္ဂင် ရဲ့ ထူးခြားချက် ပါ။
ဘာဖြစ်လို့ လည်းဆိုတော့...
သီလမဂ္ဂင် မှာ ပါတဲ့ ( ၃ )ခုမှာ
"သမ္မာဝါစာ" ဆိုတာ
"မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ၊ လိမ်လည် ကောက်ကျစ်မှုကို ရှောင်ကြဉ်တယ်။ ကြမ်းတမ်းမှုကို ရှောင်ကြဉ်တယ်။ ရယ်မောစရာ ပြောဆိုမှုကို ရှောင်ကြဉ်တယ်။
အဲဒီမှာ သူ ရှောင်ကြဉ် ပုံက တစ်ခြားပါ။
သူ့ ဖာသာသူ ဝစီကံ လေးပါး ကို သာ သူ ရှောင်ကြဉ်တာပါ။
"သမ္မာကမ္မန္တ" ကလည်း...ကာယကံ သုံးပါး ကို ရှောင်ကြဉ်တယ် ဆိုတော့ သူတို့ ပြုလုပ်တာကိုက တစ်မျိုးစီ ပြုလုပ်ကြပါတယ်။ အဲဒီတော့ တစ်ခု လုပ်နေတဲ့ အလုပ်ကို တစ်ခုက ဝင်ခွင့် မရကြပါဘူး။ အဲဒီလို.." သမ္မာကမ္မန္တ" လုပ်နေတဲ့ "ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရ ဆိုတာတွေကို သူ ရှောင်ကြဉ် နေတုန်း၊ "သမ္မာဝါစာ"က ရှောင်စရာ တရား မရှိပါဘူး။ အဲဒါကြောင့် သူတို့က နဂိုကတည်းကိုက "ကာယကံ၊ ၀စီကံ၊မနောကံ " တွေ ဆိုတဲ့ သီလ( ၃ )ပါးဘဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ ရှောင်ကြဉ်ပုံ တူ လို့သာ "သီလ"လို့ နာမည် ပေးထားလိုက်တာပါ။ အလုပ် လည်းမတူပါဘူး … ။
ဒါကြောင့် "မဂ္ဂင် ရှစ်ပါး" ထဲမှာ ဒီ သီလ( ၃ ) ပါးဟာ ဆိုလို့ ရှိရင်...
" လောကီမဂ္ဂင်"လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တစ်ခါတစ်ခါ ငါးပါး၊ တစ်ခါတလေ ခြောက်ပါး။
ခြောက်ပါး ဆိုလို့ ရှိရင် "သမ္မာကမ္မန္တ" ကဝင်လာ လို့ရှိရင် ဟိုနှစ်ခုက ထွက်သွားပါတယ် … ။
ဒါကြောင့် "ဝိပဿနာ" ရှုတဲ့ ပုဂ္ဂိုလ်တွေ မှာ "သမ္မာကမ္မန္တ" ဝင်လာလို့ ရှိရင် ဟိုနှစ်ခု ထွက်သွားပါတယ်။ ဒါဖြင့် ဝိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်တွေ မှာ "သမာဓိ နဲ့ ပညာ"ကတော့ တွဲဝင်မယ်ဆို ဝင်နိုင်ပါတယ်။ "သီလမဂ္ဂင်"သုံးပါးကတော့ တစ်ခုစီသာ ဝင်နေတော့ မမြဲပါဘူး။ မမြဲတော့ "ကာယကံ" ကို ရှောင်ကြဉ် နေရင် "ဝစီကံ နဲ့ မနောကံ" က မပါ ပါဘူး။
"မနောကံ" ရှောင်ကြဉ်နေပြန်တော့လည်း "ကာယကံ၊ဝစီကံ"က မပါပြန်ပါဘူး။ မပါတော့ သူတို့ဟာ မမြဲတဲ့ တရားတွေ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ ကတော့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် အကူအညီ ပေးတယ်လို့ မရှိကြပါဘူး။
ဘာလို့ အကူအညီ မပေးနိုင်သတုံး ဆိုတော့ တစ်ယောက်က ပန်းတိမ် တတ်တယ်။ တစ်ယောက် ယက္ကန်း တတ်တယ်။ တစ်ယောက်က စက်မောင်းတတ်တယ်။ ဘယ့်နှယ်လုပ် အကူအညီ ပေးကြ မလဲနော်။
ပန်းထိမ်သမား ကို စက်မောင်းသမားက အကူအညီ ပေးရမှာကလည်း တခြားစီ … စက်မောင်းသမားက ယက္ကန်းခတ်နေတဲ့ လူကို ပိုးမျှင်တွေ အမျိုးမျိုး အဖုံဖုံ ဖောက်ပြန် နေတာတွေ ဘယ့်နှယ်လုပ် အကူအညီ ပေးရ မတုံး။
အဲဒီလိုဘဲ… သူတို့ ကလဲ တစ်ယောက်နဲ့ တစ်ယောက် အကူအညီ မရှိဘူး...တဲ့။ တစ်ယောက် လုပ်နေတဲ့ အလုပ်ရှိရင် နှစ်ယောက်က ထိုင်ကြည့်နေတဲ့ သဘောပါဘဲ။ဆိုင်လည်း မဆိုင်ပါဘူး။
ဒါကြောင့်...
ဓမ္မမိတ်ဆွေတို့ "ဝိပဿနာ"ရှုနေတဲ့ အခါမှာ သူတို့ဟာက မပါနိုင်ပါဘူး။
ဘယ်ကျမှ ပြိုင်ပြီး ဝင်လာမှာတုံးဆိုတော့..
တစ်ခါတည်း နိဗ္ဗာန် အာရုံ ပြုတော့မှပဲ ပြိုင်ဝင်လာကြမှာပါ။ နို့မဟုတ် လို့ရှိရင် ဘယ်တော့မှ ပြိုင်မဝင်ပါဘူး ဆိုတာ တစ်ထစ်ချမှတ်ထားကြစေချင်ပါတယ်။
ဆရာတော်ဘုရားကြီးက ဘယ်လို မိန့် ကြားပြန်သလည်းဆိုတော့..
ဓမ္မမိတ်ဆွေတို့  ဆောက်တည်တဲ့ သီလ ကတော့ "ပါဏာတိပါတာ ဝေရမဏိ" ကတော့ ဆိုတော့ ဆိုတာပါပဲ။ အဒိန္နာဒါနာ ဝေရမဏိ ဆိုတာပါပဲ။ မုသာဝါဒါဝေရမဏိ ဆိုတာပဲ။ ကာယကံလည်း ဆောက်တည်တယ်။ ဝစီကံလည်း ဆောက်တည်ပါတယ်။ မနောကံ ကတော့ ဆောက်တည်ရာ မရလို့ ထားပါတော့။
သီလမမြဲဘူးဆိုတာ အလုပ်မတူလို့
အဲဒါကြောင့် သီလဟာ မမြဲဘူးဆိုတဲ့ ဥစ္စာ ဟာ အလုပ်မတူ လို့ ဆို ထားပါတယ်။ကာယကံ ရှောင်ကြဉ် တာ နဲ့ ဝစီကံ ရှောင်ကြဉ် တာနဲ့ဟာ တစ်ခြားစီးပါ။
အဲဒါကြောင့် သီလ မဂ္ဂင် ကို ...
"အနိယတ စေတသိက်" ဆိုပြီး သဂြုင်္ိလ်မှာ ရေးထားပါတယ် ။ "ဝိရတီစေတသိက် "လို့လဲ ရေးပါတယ်။ "အနိယတ စေတသိက် " ဆိုတာ တစ်ခုဝင်ရင် တစ်ခု မရှိဘူး၊ မမြဲဘူးပါဘူး လို့ ဆိုလိုတာပါ။
" ဝိရတီစေတသိက်"ဆိုတာကတော့ ပေါင်းပြီး ခေါ်လိုက်တာပါ။ အကုန် ရှောင်ကြဉ်တဲ့ တရားတွေပါဘဲ။ မဂ်အစစ် ရပြီ ဆိုလို့ ရှိရင် ပြိုင်ပြီး ဝင်လာပါလိမ့်မယ်။
ဒါ့ကြောင့်
အနိမ့်ဆုံး" သောတာပတ္တိမဂ်"ရတဲ့ ပုဂ္ဂိုလ်ဟာ
ပါဏာတိပါတလည်းမလွန်ကျူး၊
မုသာဝါဒလဲ မလွန်ကျူး၊
မိစ္ဆာဒိဋ္ဌိ ဆိုတာလဲ မလာတော့ပါဘူး၊
သူက ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ ကာယကံသုံးပါး နဲ့ မုသာဝါဒ၊ ပိသုစဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ ဝစီကံ လေးပါး။
မနောကံ ကတော့ဖြင့် "အဘဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ" ဒါ မနောကံ သုံးပါး …။
အဲဒီတော့..
မိစ္ဆာဒိဋ္ဌိ တစ်လုံးပယ်လိုက်လို့ ရှိရင် အကုန် သီလ လည်း အလိုလို လုံသွားပါတယ်။သမာဓိကော … လုံသွားပါတယ်။
ကာယကံလဲ လုံတယ်။ ဝစီကံလဲ လုံတယ်။ သမ္မာဒိဋ္ဌိ မဖြစ်လာ သေးသရွေ့ ကာလပတ်လုံး … သီလလဲ မမြဲပါဘူး။
ဒိဋ္ဌိပယ်နိုင်မှသာ သီလမြဲပါတယ်။
ဒီတော့ ...
ဓမ္မိတ်ဆွေတို့ "သမ္မာဒိဋ္ဌိ"အစစ် ဖြစ်သွားပြီ ဆိုလို့ ရှိရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ အတိုင်း ဒိဋ္ဌိ ပယ်နိုင်ရင် သီလမြဲပါတယ်။ ဒိဋ္ဌိ မပယ်နိုင်သေးရင် … သီလမမြဲပါဘူး။
သီလ ပျက်စေတာလဲ ဒိဋ္ဌိ ပဲ။
သမာဓိ ပျက်စေတာလဲ …ဒိဋ္ဌိ ပဲ။
ဝိပဿနာ ပျက်စေတာလဲ … ဒိဋ္ဌိပါဘဲ။ သောတာပန်တည် သွားတော့ ၊ ဒိဋ္ဌိတစ်လုံးပယ်ရင် "ဝိစိကိစ္ဆာ" လည်း အလိုလို ပယ်သွားတာပါပဲ။သူ တစ်လုံး ပယ်လိုက်လို့ ရှိရင် သီလကလဲ မြဲတယ်။သမာဓိကလည်း … မြဲတယ်၊ပညာကလည်း … မြဲပါတယ်။
အဲဒီတော့..
"မဂ္ဂင် ရှစ်ပါး"မှာ ဓမ္မမိတ်ဆွေ တို့ ဟာဒီ "ဒိဋ္ဌိ" မပြုတ်သရွေ့  ကာလပတ်လုံး ဘယ်"သီလ"မှလဲ အားကိုးလို့ မရသေးပါဘူး ဆိုတာ သက်သေ သာရက ပါဘဲ။ မိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သီလ ဝိသုဒ္ဓိ ဖြစ်ရုံနဲ့ ဘာမှ မလုံလောက် သေးဘူး ဆိုတာ မှတ်ထားရပါမယ်။
"ဒါန၊ သီလ "လောက်နဲ့ သာလုံလောက် လို့ ရှိရင် "ဒိဋ္ဌိ ဝိသုဒ္ဓိ"လို့ နောက်ထပ် ဘယ်ဘုရားမှ ဟောဖို့ လိုမှာ မဟုတ်ပါဘူး။မြတ်စွာဘုရားရှင် က"သီလဝိသုဒ္ဓိ " ပြီးတော့ "ဒိဋ္ဌိ ဝိသုဒ္ဓိ " ကို ဘုရားဟောပါတယ်။ ဘာဖြစ်လို့ ဟောသလည်းဆိုတော့ "ကျင့်စဉ်"တဲ့၊ "သီလဝိသုဒ္ဓိ"တခုထဲနဲ့ က "အပါယ်လေးပါး " တံခါး ပိတ်တဲ့ တရားက မပါ သေးလို့ ဖြစ်ပါတယ်။ဒိဋ္ဌိက ကျန်နေသေးလို့ ပါ။ ဒီ.."ဒိဋ္ဌိ"ကြောင့် အပါယ် ကျရတာကိုး..။
ဒါကြောင့်....
"ဒိဋ္ဌိ"ကွာသွားဖို့ အရေးကြီးပါတယ်။
ဘာ "ဒိဋ္ဌိ"လည်း ဆိုတော့ "သက္ကာယဒိဋ္ဌိ " ပါ။"သက္ကာယဒိဋ္ဌိ" ခွာပြီးလို့ ရှိရင် "သဿတ နဲ့ ဥစ္ဆေဒ" လဲ မလာတော့ပါဘူး။
ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ...တဲ့၊
" ဒွါသဋ္ဌိ ဒိဋ္ဌိယော" ခြောက်ဆယ့်နှစ် ပါးသော ဒိဋ္ဌိတို့သည်၊ ဥပ္ပဇ္ဇမာနာ ဖြစ်ကုန်သည် ရှိသော်၊ သက္ကာယ ဒိဋ္ဌိ ပမု ခေနေဝ သက္ကာယ ဒိဋ္ဌိ တစ်ဦး ရှိသဖြင့် သာလျှင်၊ ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏..တဲ့။ ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိဟာ သူရှိလို့ ဖြစ်လာတာ … လို့ ဆိုပါတယ်။
ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိတို့ဟာ သက္ကာယဒိဋ္ဌိ ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ဒါကြောင့်...
"ပထမ မဂ်"ဘာကြောင့်ရတာတုန်း ဆိုတော့ "ဒိဋ္ဌိ" ပြုတ်လို့ ရပါဘဲ ဖြစ်ပါတယ်။
"ဒိဋ္ဌိနိရောဓော နိဗ္ဗာန်"တဲ့ …
ဒိဋ္ဌိ ချုပ်လို့ မဂ်ရသွားတာ ဘဲ ဖြစ်ပါတယ်။
ကောင်းကင်ပျံတက်တဲ့ ငှက်ဟာ အဆိပ်ပါသွားရင် ပြန်ကျကို ကျပါလိမ့်မယ်။လန့်ပြီး ပျံရင် သာပျံမယ်။ အကျ မလွတ်ပါဘူး။အဆိပ် မပြန့်တဲ့ အချိန် ပျံနိုင်တယ်။ ပြန့်တဲ့ အချိန် ပြန်ကျမယ်..ဒီသဘောပါဘဲ။
သက္ကာယဒိဋ္ဌိဖြုတ်နည်းက..
မဂ် လေးခု စလုံးမှာ ဓမ္မမိတ်ဆွေတို့ကို တားနိုင်တာ "ဒိဋ္ဌိ"ပဲ ။ သူ့ ကို ပယ် လိုက်ပြီ ဆိုတာနဲ့  အထက်မဂ်တွေ အတွက် တရားအားထုတ်စရာ၊ ပယ်စရာ၊ ဒီ့ပြင် ဟာတွေကို ရပ်နားပြီး ကိုယ်နေချင်သလို နေလို့ ရပါတယ်။ဝိသာခါ ကိလေသာထူပြောတဲ့ ပုဂ္ဂိုလ်မို့ ခုနစ်ဘဝ ကနေ ခုနစ်ဘဝ ထက် ပိုနေလို့ ရသေး သလား ဆိုတော့ ဒိဋ္ဌိ ပြုတ်ပြီးသား ပုဂ္ဂိုလ်မို့ နေလို့ကို မရပါဘူး။
ဒီတော့..ပရမတ် တွေ့တိုင်း၊ တွေ့တိုင်း သြော် .. ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှု ရှုပေးပါ။ ပရမတ် ကလေး တစ်ခု တွေ့တိုင်း၊ တွေ့တိုင်း … "ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ"မဟုတ်ဘူးလို့ ရှုပေးရ ပါမယ်။
ငါ့ကိုယ် ဆိုတာက တဏှာ၊
ငါ့ဟာ ဆိုတာက မာန၊
တစ်ခုသော တရားထဲကို ငါ့ကိုယ်၊ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး။
ဒီဟာ ကလေးဟာ ဖြစ်ပြီး ပျက်တတ်တဲ့...သဘောသက်သက်ပဲလို့သာ ဓမ္မမိတ်ဆွေတို့ ဉာဏ်ထဲမှာ ရှုနေကြမယ် ဆိုလို့ ရှိရင်...
"ဒိဋ္ဌိ" ဖြစ်မနေ တော့ပါဘူး။
"ဒိဋ္ဌိ" မဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီတရား ကလေးဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ငါ့ဥစ္စာ မဟုတ်ဘူး။
ဒီ ခန္ဓာ ကြောင့် "ဒိဋ္ဌိ" ဖြစ်တာကိုး …
"ခန္ဓာ အဝိဇ္ဇာ ဖေဿာစ"
ဆိုတဲ့အတိုင်းပဲ ခန္ဓာကြောင့် ဒိဋ္ဌိ ဖြစ်နေတာ … ။ဒီ ခန္ဓာမှာ ဘယ်လို ကပ်နေတုံး ဆိုတော့ "ဒိဋ္ဌိ" ရိုးရိုးမှ မဟုတ်ဘဲ "ဒိဋ္ဌိုပါဒါန်" လို့ ဆိုထား တဲ့ အတွက်ကြောင့် ဓမ္မမိတ်ဆွေ တို့ ...
ခန္ဓာ ထဲမှာ ဝေဒနာဖြင့် ဝေဒနာထဲမှာ၊ သညာဖြင့် သညာထဲမှာ၊ စိတ်ဖြင့် စိတ်ထဲမှာဆိုပြီး အနုသယ သဘောနဲ့ ဒီခန္ဓာထဲမှာ စူးဝင်နေပါတယ်။ အဲဒီလို စူးဝင်နေတဲ့ အတွက် ကြောင့်" ဒါ ငါပဲ၊ ဒါ ငါပဲ ဆိုပြီး ဝေဒနာလာ လည်း သူက ငါသွားပြီး စူးဝင်တာပါပဲ ။ သညာ လာလည်း ငါ သွားပြီး စူးတာပါပဲ၊အဲဒီလို ငါ "ဒိဋ္ဌိ"က သွား၊သွား စူးပါတယ်။
အဲဒီတော့ စူးစရာ မရှိအောင် ဓမ္မမိတ်ဆွေတို့က လုပ်ဖို့ အရေကြီးတာက ပရမတ် ကလေးတွေကို ပရမတ် ဖြစ်တဲ့၊ ဝေဒနာ ကလေးတွေကို ဝိညာဏက္ခန္ဓာ ဆိုတဲ့၊ စိတ်ကလေးတွေကို သွားစူး စရာ နေရာ မရှိအောင် ဓမ္မမိတ်ဆွေတို့က မြင်ရပါမယ် … ။
အဲဒီလို သူ စူးစရာ နေရာ မရှိအောင် မြင်လို့ ရှိရင်..
မခိုင်မြဲတာကို မြင်ရင်...အခု ချက်ချင်း ပျက်သွားတာ မြင်လို့ ရှိရင် သူ မစူးတော့ပါဘူး။
တစ်ချက်ချင်း ပျက်သွားတာ..မမြင်ရင်တော့ စူးနေအုံးမှာပါဘဲ။
"ဒိဋ္ဌိ" ဖြုတ်ချင်လို့ ရှိရင်...
မြန်မြန် ဖြစ်ပျက် မြင်လေလေ၊
ဖြစ်ပျက်ကလည်း မြန်လေလေ၊
ရှုလိုက်တဲ့အခါ ဝေဒနာကလေး ကလည်း ရှုလိုက်တာနဲ့  ဖြစ်ပျက်၊ နောက်ဝေဒနာလဲ ဖြစ်ပြီး ပျက်နေတာပဲ ဆိုလို့ ရှိရင် "ဒိဋ္ဌိ" ဝင်ခွင့် မရတော့ဘူး။
အဲဒီလို ရှုမှတ်နေရင်း...
တစ်ခုသော "ဓမ္မကလေး" ပေါ်လာလို့ ရှိရင် "အနိစ္စ၊ဒုက္ခ၊အနတ္တတွေပဲ။ ငါ့ကိုယ်၊ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါလား။
အနိစ္စ ပြလို့  မာနစင် ရတယ်။
ဒုက္ခပြရင် လောဘ စင်တယ်။
အနတ္တ ပြရင် ဒိဋ္ဌိစင်တယ်။ ဒီလို ဖြစ်ပျက် တရားတွေကို ငါ့ ကိုယ်လဲ မဟုတ်ဘူး။ ငါ့ဟာလဲ မဟုတ်ဘူး။ ငါ့ဥစ္စာလဲ မဟုတ်ဘူး ဆိုတာ ရှုနိုင်ရမယ်။ ရှုနိုင်လို့ ရှိရင်...
သပ္ပုရိသာနံ အဒဿာဝီ ဆိုတဲ့ အတိုင်း သူတော်ကောင်းတရားကို မမြင်သေးဘူး ဆိုပေမယ့်လည်း...
ဒီလို ရှုတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ သူတော်ကောင်းတရား ကို မြင်သွားပါပြီ ။
ဒါ့ကြောင့် "သက္ကာယဒိဋ္ဌိ" လောက် အရေးကြီးတဲ့ တရား ဆိုတာ မရှိပါဘူး။
သောတာပန်အရိယာပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာပြီးတဲ့နောက် သိသင့်တဲ့အချက်က...
အထက်နိဗ္ဗာန်တွေကို တားမဲ့တရား မရှိတော့ပါဘူး၊
သကဒါဂါမ်မြင်တဲ့ နိဗ္ဗာန်၊
အနာဂါမ် မြင်တဲ့ နိဗ္ဗာန်၊
ရဟန္တာမြင်တဲ့ နိဗ္ဗာန်၊ ဆိုပြီး..နိဗ္ဗာန်တွေကလည်း ရှိသေးတော့ အဲဒီ နိဗ္ဗာန်တွေကို ဘယ်နည်းနဲ့ မှ မတားပါဘူး။ သူ့ဟာသူပဲ ကျင့်ကြံအားထုတ်ရင်တက်သွားကြမှာပါပဲ။
သောတာပန်ဖြစ်မဲ့ ခြေလှမ်း လှမ်းဖြစ်ဖို့ လိုပါတယ်။ သောတာပန် ပုဂ္ဂိုလ် က လည်း အားထုတ်ချင်တဲ့ စိတ်ကလဲ ပေါ်လာမှာပါဘဲ။ မပေါ်ပါနဲ့ ဆိုလို့ မရပါဘူး။ သူ့ဟာသူ ပေါ်သွားတာ။ခြေလှမ်းမိလိုက်တာနဲ့ ခရီးဆုံးအောင် လှမ်းနေတော့မှာပါဘဲ..။
အထက်မဂ် တွေကို၊ အရှင်ဘုရား တပည့်တော်ကို အထက်မဂ် ရကြောင်း တရား ဟောပါဦးလို့ ပြောဖို့ မလိုဘူး တဲ့...ဆရာတော်ကြီးက ဟောပါတယ်။
ဒိဋ္ဌိပြုတ်ပြီးသား သောတာပတ္တိမဂ်သာ ရခြင်း၏ အကြောင်း လေးပါးဘဲ ဘုရားဟောပါတယ်။သကဒါဂါမိမဂ် ရခြင်း၏ အကြောင်းလေးပါးလို့ ဘုရားက မဟောတော့ ပါဘူ။ အနာဂါမိမဂ် ရခြင်း၏ အကြောင်း၊ ရဟန္တာဖြစ်ခြင်းအကြောင်း လေးပါးလို့ မဟောပါဘူး။
သောတာပန် ဖြစ်ခြင်း၏ အကြောင်းသာ လေးပါး ဘဲ ဟောပါတယ်။
တစ်လက်စာထဲ သောတာပန် ဖြစ်ဖို့ အကြောင်းလေးပါး ကို ဖေါ်ပြရရင်...
၁။သူတော်ကောင်းနဲ့ ပေါင်းရမယ်။
၂။တရား နာရမယ်။
၃။နှလုံးသွင်း ကောင်းရ မယ်။
၎။အပျက် နဲ့ မဂ်နဲ့ ကိုက်ရမယ်။
ဒီတော့ သောတာပန် တည်တာ ကလဲ ဒိဋ္ဌိ ပြုတ်လို့ တည်တာပါ။
ဒိဋ္ဌိ ပြုတ်တယ် ဆိုလို့ ရှိရင် သူ့ဟာသူ နှိုးဆော်သွားပါတယ်။ ရဲရင့်သွားပါတယ်။
ဒိဋ္ဌိ ပြုတ်ရင် "အထက်မဂ်၊အထက်ဖိုလ်"သာ သူရဖို့ ရှိတော့တယ်။ မရပါနဲ့ လို့ တောင် တားလို့ ..မရပါဘူးတဲ့။ခြေလှမ်းက လှမ်းမိပြီးသွားပါပြီ။
နဂိုက တားထားတယ် ဆိုတာ "ဒိဋ္ဌိ"ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် "သက္ကာယဒိဋ္ဌိ" ပြုတ်ဖို့ပဲ အရေးကြီးပါတယ်။သက္ကာယ ဒိဋ္ဌိ ပြုတ်လို့ ရှိရင်...
သကဒါဂါမ် ဖြစ်ရ ပါလို၏ ဆုမတောင်းနဲ့။ အနာဂါမ် ဖြစ်ရ ပါလို ၏ လို့  ဆုမတောင်းပါနဲ့ ။ ဒီမဂ်က ဆောင်သွားပါလိမ့်မယ်၊ရဟန္တာ ဖြစ်အောင်လည်း သူပဲ ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ .. ဒီ" ဒိဋ္ဌိ"ပြုတ်လိုက်တာနဲ့ ဘယ်နည်းနဲ့ မဆို "နိဗ္ဗာန်" သေခြာပေါက်ရောက်နိုင်ပါပြီလို့  အသိပေးရင်း.. "ဒိဋ္ဌိ"..ဖြုတ်နည်း ဖြစ်တဲ့ "နိဗ္ဗာန်ရောက်ဖို့ ..ပထမ ခြေလှမ်း"ကို ဓမ္မဒါနပြုလိုက်ပါသည်။
ကျန်းမာချမ်းသာကြပါစေ။
( ခန္ဓာ-၅ပါးတစ်ဦး )
နိုဝင်ဘာ၊ ၂၃ရက်၊၂၀၁၆
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတဲ့ ဒိဋ္ဌိဖြုတ် တရားတော်မှ ကောက်နှုတ်ပါသည်။
" မိမိကိုယ် ကို မိမိ.. သောတာပန် ဖြစ်တာ ဘယ်လိုလုပ် သိမလဲ "
••••••••••••••••••••••••••••••••
ဝိပဿနာ ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့  ဟာ ခုလို ကျင့်ကြံအားထုတ်နေကြယင်း၊ တစ်ဖက်ကလည်း ဗုဒ္ဓစာပေ တွေ လေ့လာဖတ်ရှုကြ ၊ တရားတော် တွေ ကို နာကြားကြတဲ့အလျောက် ယခင်က စ စခြင်း တရားအားထုတ်ခါစ ထက် တရားဓမ္မနဲ့ ပါတ်သက်တဲ့ အသိဉာဏ်တွေဟာ ပို၍ပို၍ တိုးပွားလာတယ် ဆိုတာ ကိုယ် ကိုယ်တိုင်လည်း သတိထားမိကြမှာပါ။ အဲဒီလို ဓမ္မနဲ့ ပတ်သက်တဲ့ အသိဉာဏ်တွေ တိုးပွားလာလေလေ ပို၍ ပို၍ သတိထား ဆင်ခြင်မိကြလေလေ ဖြစ်တဲ့ အတွက် အဲဒီလို သတိထားမိကြတဲ့ အလျောက် မိမိအားထုတ်နေတဲ့ အားထုတ်မှုအပေါ် ကိုယ်ဖာသာကို သုံးသပ်မိကြပါတယ်၊ ဆင်ခြင်မိကြပါတယ်။ သို့ သော် အဲဒီလို သုံးသပ်မိကြယင်းက မိမိတို့ ရဲ့ စိတ်နေစိတ်ထား၊အပြုအမှု နဲ့ ဘုရား၊တရား၊သံဃာ ယုံကြည်ကိုးကွယ်မှုအပေါ်မှာ အယင်ကနဲ့ မတူဘဲ ကောင်းသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အပေါ် ဆင်ခြင်မိယင်း မိမိတို့ ကိုယ်တိုင်က..
" ငါ.. သောတာပန် များ ဖြစ်နေပြီလား..၊ သောတာပန် ဖြစ်နေပြီ ဆိုတာ ဘယ်လိုစစ်ဆေးရင် သိရမလဲ"စသည့် ဖြင့် တွေးမိကြမှာပါ။
တွေးလည်း တွေးကောင်းပါတယ်။
ဘာလို့ လည်းဆိုတော့..
"သောတာပန်" အရိယာ ဖြစ်မှသာ"အပါယ်လေးဘုံ" က လုံးဝကင်းလွတ်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါဘဲ။
ဒါကြောင့်မို့..
ဓမ္မမိတ်ဆွေ တို့ အတွက် မိမိဟာ " သောတာပန်" ဖြစ်နေတယ် ဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ၊ သောတာပန် ဖြစ်မဖြစ် မိမိကိုယ်ကို ဘာနဲ့ တိုင်းတာမလဲ ဆိုတာကို ဖတ်ရှု ၊လေ့လာဖူးထားသလောက် မျှဝေ ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
-----------------
"သောတာပန်" လို့ ဆိုလိုက်တာ နဲ့  သာမာန်ပုထုဇဉ် တို့ ဟာ..
ဒီစကားလုံးပေါ် မူတည်ပြီးတော့ ဒီခေတ်၊ဒီကာလကြီးမှာ "သောတာပန်" ဖြစ်ဖို့ ခက်ခဲတယ်ပေါ့..
ဥပမာ... ကိုယ့်ရဲ့ ပတ်ဝန်းကျင် မှာရှိတဲ့  သာမာန်လူ၊ ကိုယ်နဲ့ အမြဲထိတွေ နေတဲ့ လူ၊ အယင်က တရားဓမ္မ တွေ ကို ကျင့်ကြံအားထုတ်မှု မရှိခဲ့သူ စသည်ဖြင့် အဲဒီပုဂ္ဂိုလ်တွေဟာ ၁၀ရက်လောက် ဘဲဖြစ်ဖြစ်၊ ၁၅ရက် တန်သည် လောက်ဘဲ ဖြစ်ဖြစ်၊ တရားအားထုတ်ရင်း နဲ့  " သောတာပန်" ဖြစ်နေတယ် လို့  ကြားလိုက်ရရင်၊သိလိုက်ရရင်ဖြင့်.. ယုံကြည်မှု မရှိကြပါဘူး၊ ယုံလည်းမယုံကြည်ချင်ပါဘူး။ ဒါ ဘာကြောင့်များ ဖြစ်ရတာလည်း ဆိုတော့..ကိုယ်ကိုတိုင် ကိုယ်က " သောတာပန် အရိယာ မဖြစ်သေးတာရယ်၊ ပြီးတော့ သောတာပန် မဆိုထား နဲ့ ရဟန္တာ ကို တောင် သိရှိဖို့ ခက်ခဲလှတဲ့ သာမာန်ပုထုဇဉ် တို့ ရဲ့ ပင်ကိုယ်သဘာဝ ဉာဏ်တွေကြောင့် ကြောင့်သာဖြစ်လို့ ပါဘဲ လို့ သာဆိုပါရစေ။
တစ်ချို့ ကလည်း " သောတာပန် " ပုဂ္ဂိုလ် ကို "တရားထူး"ရထားတဲ့ ပုဂ္ဂိုလ် လို့ လည်း ခေါ်ကြပါတယ်။တကယ်တော့.. ပထမဦးဆုံး နိဗ္ဗာန် ကို မြင်တွေ့ သွားတဲ့ ပုဂ္ဂိုလ်၊ ပထမ ဦးဆုံး " မဂ်" ကျသွားတဲ့ ပုဂ္ဂိုလ်ဟာ "သောတာပန်" ပါဘဲ။
မိမိကိုယ်ကိုမိမိ " သောတာပန်" ဖြစ်နေတယ် ဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ၊ သောတာပန် ဖြစ်မဖြစ် မိမိကိုယ်ကို ဘာနဲ့ တိုင်းတာမလဲ ဆိုတာကို တင်ပြဖို့ "သောတာပန်"ဆိုတာ ဘယ်လိုဟာလဲ၊ "သောတာပန်" နဲ့ ပုထုဇဉ် ဘာကွာတာလဲ၊ ဆိုတာ အကြမ်းဖျင်းလောက်တော့ သိထားဖို့ လိုအပ်ပါတယ်။
သောတာပန် ဆိုတာ..
သာမာန်ပုထုဇဉ် နဲ့ မတူဘဲ ခုနပြောသလို "တရားထူးရထားသူ" လို့ ဘဲလွယ်လွယ်မှတ်ကြပါ။ "တရားထူး"ရသွားရင် ဘာတွေ ဖြစ်လည်းဆိုတော့....
"သောတာပန်" တို့ ရဲ့ အကျိုးတရား ( ၆ )ပါးဆိုပြီး မြတ်စွာဘုရားဟောထားတာရှိပါတယ်။
အကျဉ်းချုံးပြီး ဖေါ်ပြရရင်
၁။(သဒ္ဓမ္မနိယတော)- သူတော်ကောင်း တရားမှာ မြဲခြင်းအကျိုး လို့ ခေါ်ပါတယ်။
သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တွေ ဟာ "ငါးပါးသီလ၊ဆယ်ပါးသီလ နဲ့ သတိပဋ္ဌာန်တရားလေးပါး"စတဲ့ သူတော်ကောင်းတရားတို့ကို မြဲတဲ့အကျိုးကိုလည်း ရရှိကြပါတယ်။
သူများအသက်သတ်ဖို့ ကြုံလာတဲ့အခါ သူများဥစ္စာခိုးဖို့၊ သူ့သားမယားကို လွန်ကျူးဖို့၊ လိမ်ညာပြောဖို့၊ အရက်သေစာ သောက်စားဖို့၊ ကြုံလာသောအခါတို့ မှာ ဘယ်လိုအကြောင်းကြောင့်မှ မလွန်ကျူးကြတော့ပါဘူး။လုံးဝ ရှောင်ကြဉ်နိုင်ကြပါတော့တယ်။။ ငါးပါးသီလ လို့ ခေါ်တဲ့ သူတော်ကောင်းတရားလုံးဝမြဲကြပါပေတော့တယ်။
အခြားတစ်ယောက်ယောက် က အကြောင်းအမျိုးမျိုးကြောင့် သူများအသက်ကိုမသတ်ပေးရင်၊ သူများဥစ္စာကို မခိုးပေးရင်၊ သူများ သားမယားကို မဖျက်ဆီးပေးရင်၊ လိမ်ညာမပြောပေးရင်၊ အရက်တိုက်တာကို မသောက်စားရင် ၊သင့်ကို အရင်သတ်ရလိမ့်မည်ဟု အနိုင်အထက် နှိပ်စက်၍ စေခိုင်းပေမယ့် လည်း ငါးပါးသီလကို မလွန်ကျူးနိုင်တော့ပါဘူး။အသက်ကိုပင် အသေခံကြပေတော့တယ်။
ဒါ ပုထုဇဉ် နဲ့ မတူဘဲ အသက်နှင့်လဲပြီး ငါးပါးသီလ ဆိုတဲ့ သူတော်ကောင်း တရားကို မြဲကြပါပေတယ်။
၂။(အပရိဟာနဓဓမ္မာ)-မဆုတ်ယုတ်တဲ့ သဘောရှိခြင်း အကျိုးလို့ ခေါ်ပါတယ်။
သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ သောတာပန်ဖြစ်တဲ့အချိန်က စပြီး သဒ္ဓါ ၊သီလ စတဲ့ သူတော်ကောင်း၊ ဥစ္စာတရား (၇)ပါးတို့သည် ဆုတ်ယုတ်သွားသည်ဟူ၍
မရှိကြတော့ပါဘူး။ တိုးတက်ကြီးပွားနေခြင်း အကျိုးကိုသာ ရရှိနေကြပါတော့တယ်။
သာမာန် ပုထုဇဉ်ပုဂ္ဂိုလ်တို့ မှာရှိတဲ့ "သဒ္ဓါ၊သီလ"စတဲ့ သူတော်ကောင်းဥစ္စာတရား (၇)ပါးတို့ဟာ ယခုမျက်မှောက်ဘဝ မှာ လည်း အကြောင်းအမျိုးမျိုးတို့ ကြောင့် ဆုတ်ယုတ်ပျက်စီးသွားတတ်ကြပြီး၊ အကယ်၍ ဒီဘဝမှာ မဆုတ်ယုတ် မပျက်စီးဘူးဆိုရင် နောက်နောင်ဘဝတွေမှာ ဆုတ်ယုတ်ပျက်စီးသွားတတ်ကြပါပေတယ်။
သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေကျတော့..
"သဒ္ဓါ၊သီလ၊ ဟိရိ၊ ဩတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ"စတဲ့ သူတော်ကောင်းဥစ္စာ တရား (၇)ပါးတို့ ဟာ အခုလက်ရှိဘဝမှာလည်း ဘယ်လို အကြောင်းကြောင့်မှ ဆုတ်ယုတ်ပျက်စီးသွားခြင်းမရှိကြတဲ့ အပြင်၊ နောက်နောင်ဘဝတို့မှာလည်း ဘယ်လို အကြောင်းကြောင့်မှ ဆုတ်ယုတ်ပျက်စီး သွားခြင်းမရှိကြတော့ပါဘူး။
တိုးတက်ကြီးပွားလျက်သာ ရှိကြပေတော့တယ်။ အထက်မဂ်၊အထက်ဖိုလ် တွေ ကို သာ ရောက်သွားဖို့ရာ အားကြီးတဲ့ အကြောင်း (ပကတူပနိဿယသတ္တိ)ဖြစ်ပြီး ကျေးဇူးပြုလျက်ရှိနေကြပေတော့ပါတယ်။
၃။(ပရိယန္တကတ ဿဒုက္ခံ)- ဆင်းရဲဒုက္ခ အပိုင်းအခြားကို ပြုပြီးခြင်းအကျိုးလို့ ခေါ်ပါတယ်။
သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
လူ့ပြည်၊ နတ်ပြည် (၆) ထပ်တို့မှာ အိုရခြင်းဒုက္ခ၊ နာရခြင်းဒုက္ခ၊ သေရခြင်းဒုက္ခ စတဲ့ ဆင်းရဲ ဒုက္ခ အမျိုးမျိုးတို့ကို အများဆုံး (၇)ဘဝသာ ခံကြရတော့မည် ဖြစ်ကြပါပေတယ်။ အဲဒီလို ( ၇ )ဘဝ သာ ဆင်းရဲဒုက္ခကို ခံရခြင်းဟူသော ပြုအပ်ပြီးသော ဆင်းရဲဒုက္ခ အပိုင်းအခြားရှိခြင်း အကျိုးကိုလည်း ရရှိကြပါပေတယ်။
သာဓကတစ်ခုအနေနဲ့ ..
တစ်ချိန်သောအခါ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် မှာ သီတင်းသုံးနေတော်မူတဲ့ အခါမှာ လက်သည်းပေါ်သို့ မြေမှုန့်လေးတင်ပြပြီး ငါဘုရား ရဲ့ လက်သည်းပေါ်၌တင်ထားသည့် မြေမှုန့် နဲ့ မဟာပထဝီ မြေကြီးပေါ်၌ရှိသည့် မြေမှုန့်တို့ဟာ ဘယ်မြေမှုန့် က ပိုပြီးများသလဲ”လို့ ရဟန်းတော်များကို မေးတော်မူပါတယ်...တဲ့။
ရဟန်းတော်တွေက “မြတ်စွာဘုရား...
မြတ်စွာဘုရား၏ လက်သည်းပေါ်၌တင်ထားတဲ့ မြေမှုန့်လေးမှာ အလွန်ပင် နည်းပါးလှပြီး မဟာပထဝီ မြေကြီးပေါ်၌ရှိသည့် မြေမှုန့်များက အလွန်ပင် များပြားလှပါတယ် ဘုရား”ဟု လျှောက်ထားကြလေ၏..တဲ့။
အဲဒီအခါ မြတ်စွာဘုရားက....
“ချစ်သားရဟန်းတို့...သောတာပန် ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ကျန်ရှိနေသေးသော အိုရခြင်းဒုက္ခ၊ နာရ ခြင်းဒုက္ခ၊ သေရခြင်းဒုက္ခစသော သံသရာဝဋ်ဆင်းရဲဒုက္ခတို့သည် (၇)ဘဝသာ ကျန်တော့သည်ဖြစ်၍ ငါဘုရား၏ လက်သည်းပေါ်၌တင်ထားသော မြေမှုန့်မျှပင် ကျန်ရှိတော့သည်။ ကုန်ပြီးသွားသော သံသရာဝဋ် ဆင်းရဲဒုက္ခတို့သည် မဟာပထဝီမြေကြီး၌ရှိသော မြေမှုန့်များလောက် များပြားကြပေသည်”ဟု သောတာပန်ပုဂ္ဂိုလ်တို့၏ ဝဋ်ဆင်းရဲဒုက္ခ အပိုင်းအခြားရှိပုံကို ဟောကြားတော်မူပါသည်။..လို့  ဟောကြားတော်မှုခဲ့ပါတယ်။
၎။(အသာဓာရဏဉာဏော)-ပုထုဇဉ်တို့ နဲ့ မဆက်ဆံသော ဉာဏ်နှင့် ပြည့်စုံခြင်းအကျိုးလို့ ခေါ်ပါတယ်။
သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အမှားကို သိမြင်တတ်တဲ့ ဒိဋ္ဌိ၊ ကောင်းဆိုးအာရုံတွေကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာ၊အပါယ်သို့ ကျရောက်စေတတ်တဲ့လောဘကြမ်း၊ဒေါသကြမ်း၊ မောဟကြမ်း၊ မမြဲခြင်း- အနိစ္စ ၊ ဆင်းရဲခြင်း - ဒုက္ခ၊ အစိုးမရခြင်း - အနတ္တ တို့ကို အမှန်အတိုင်း သိနေကြပါပေတယ်။ အဲဒီလို လောကရေးရာ၊ ဓမ္မရေးရာတို့၌လည်း ပုထုဇဉ်တို့နှင့် မဆက်ဆံသော
အသိဉာဏ်ထူးများနှင့် ပြည့်စုံနေခြင်း အကျိုး
ကိုလည်း ရရှိကြပါပေတယ်။
၅။(ဟောတုစသုဒိဋ္ဌော)-အကြောင်းကိုလည်း ကောင်းစွာမြင်ခြင်းအကျိုး လို့ ခေါ်ပါတယ်။
သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
အကြောင်းကြောင်းတွေ ကြောင့် ၊ အကျိုးတရားများ ဖြစ်ကြရာမှာ အကြောင်းမှန်ကို ကောင်းစွာ သိမြင်တတ်တဲ့ အကျိုးကိုလည်း ရရှိကြပါပေတယ်။
အဲဒီလို သောတာပန်ဖြစ်ပြီးသား ပုဂ္ဂိုလ်တို့ဟာ ကြံစည်၊ပြောဆို၊ပြုလုပ်ခြင်းစတဲ့ ကုသိုလ်ဖြစ်ခြင်းတို့ ရဲ့ အကြောင်း၊ ကြံစည်၊ပြောဆိုပြုလုပ်ခြင်းတို့ရဲ့ အကုသိုလ် ဖြစ်ခြင်းတို့ ရဲ့ အကြောင်း၊ ကြံစည်၊ပြောဆို၊ပြုလုပ်ခြင်းတို့ဟာ ချမ်းသာခြင်းရဲ့ အကြောင်း၊ ကြံစည်၊ပြောဆို၊ ပြုလုပ်ခြင်းတို့ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းဖြစ်တယ် လို့  ကောင်းကြောင်း ဆိုးကြောင်း တွေ ကို ပုထုဇဉ်ပုဂ္ဂိုလ် တို့ထက် ပို၍ကောင်းစွာမြင်တတ်ကြပါပေတယ်။
၆။(ဟေတုသမုပ္ပန္နာစဓမ္မာ)-အကြောင်းကြောင့်ဖြစ်သော အကျိုးတရားကိုလည်း ကောင်းစွာမြင်ခြင်း အကျိုးလို့ ခေါ်ပါတယ်။
သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
အကြောင်းကြောင်းတွေ ကြောင့် အကျိုးတရား တို့ ဖြစ်ကြရာမှာ အကျိုးအမှန်ကို ကောင်းစွာမြင်တတ်တဲ့ အကျိုးကိုလည်း ရရှိကြပါပေတယ်။
အဲဒီလို သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တို့ဟာ အခုလို ကောင်းကျိုးများကို ရရှိလာခြင်း၊အခုလို ချမ်းသာသုခ တွေ ကို ရရှိလာခြင်းတို့ ဟာ ကောင်းတဲ့ အကြောင်းကံတွေကို ပြုလုပ်ခဲ့တဲ့ အတွက်ကြောင့် ၊ကောင်းတဲ့ အကျိုးတွေကို ရရှိလာခြင်းဘဲ ဖြစ်ပေတယ်။ ဘေးရန်များ ဖြစ်လာခြင်း၊ အခုလို ဆင်းရဲ ဒုက္ခများ ဖြစ်လာခြင်းတို့ဟာ မကောင်းတဲ့ အကြောင်းကံတွေကို ပြုလုပ်ခဲ့တဲ့ အတွက်ကြောင့် မကောင်းတဲ့ အကျိုးတွေကို ရရှိလာခြင်းဘဲ ဖြစ်တယ်လို့  ကောင်းကျိုး၊ဆိုးကျိုး တို့ကို ပုထုဇဉ်ပုဂ္ဂိုလ် တို့ထက် ပိုပြီး ကောင်းစွာ သိမြင်တတ်ကြပါပေတယ်။
အဲဒီလို သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ...
ပုထုဇဉ်ပုဂ္ဂိုလ်တို့ထက် အဲဒီလို ထူးခြားလွန်ကဲတဲ့ အကျိုးတရား ၆-ပါးကို ရရှိကြပါပေတယ်။
ရှေ့ ဆက်ရရင်တော့.
"မဂ်" လေးပါးရှိတဲ့ အနက် ပထမဦးဆုံး မဂ် ကျရင် သောတာပန် ဖြစ်ပြီဆိုတာတော့ ..ဓမ္မမိတ်ဆွေ တို့  သိပြီးသားဖြစ်ကြမှာပါ။ တစ်ချို့ ကလည်း မိမိဟာ သောတာပတ္တိမဂ်ကျနေပြီလား၊ မကျသေးဘူးလား ဆိုတဲ့ သို့လော၊သို့ လော ဖြစ်နေကြတဲ့ သူတွေလည်းရှိပါတယ်။
"မဂ် မသိ၊ ဖိုလ် နဲ့ ညှိ " ဆိုတဲ့ စကားရပ်အတိုင်း ...အစပျိုးရရင်တော့
မဂ် က"အသေ၊ ဖိုလ် က "အရှင်" ပေါ့။
"မဂ်"လေးပါး မှာ ဆိုင်ရာလေးပါး ကျပြီးရင် "မဂ်"က ဆက်ပြီး၊ မဖြစ်ပေါ်တော့တဲ့အတွက်ကြောင့် "သေလေးပါး"လို့ သတ်မှတ်တာပါ။
ဖိုလ်လေးပါးမှာ သူနဲ့ ဆိုင်ရာ ဖိုလ်ကို အကြိမ်ကြိမ်ဝင်စားနိုင်တဲ့ အတွက်ကြောင့် "ရှင်လေးပါး"ဟု ခေါ်ဆိုတာဖြစ်ပါတယ်။
" သောတာပန်"အတွက်ဆိုရင် "မဂ်"ဟာ တစ်ကြိမ်သာဖြစ်ခဲ့ပြီး "ဖိုလ်ဥာဏ်"သည် အကြိမ်ကြိမ်ပြန်ဝင်စားရရှိနိုင်ပါတယ်။
ဝိပသနာဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး သောတာပန်ဆိုင်ရာ "မဂ်" ဟာ တစ်ကြိမ်သာကျပြီး ဖိုလ်ဇော သည် နှစ်ကြိမ်၊ တချို့သုံးကြိမ်ကျပြီး ပြန်လည်ဆင်ခြင်တဲ့ ဥာဏ်ဖြစ်ပေါ်ပြီး တော့ ပထမအဆင့် အောင်မြင်တယ်လို့ ခေါ်ပါတယ်။ အရှင်းဆုံးပြောရရင် "သောတာပန်" ဖြစ်တယ်ပေါ့။
ဓမ္မမိတ်ဆွေတို့ ဟာ မိမိဟာ သောတာပတ္တိမဂ်ကျ၊ မကျသိချင်ရင်တော့ ..
"ဖိုလ်ဥာဏ်"ဆိုတာ ဟာ ဆိုင်ရာ"မဂ်ဥာဏ်"အတွက် အကြိမ်ကြိမ် ပြန်လည်ဝင်စားရရှိနိုင်တဲ့ အတွက်ကြောင့်.."ဖိုလ်"ဝင်စားကြည့်လို့ ရနိုင်ရင်တော့ "သောတာပန်" ဖြစ်ပြီလို့ သေခြာပေါက်ပြောနိုင်ပါတယ်။
ဒီတော့" ဖိုလ် "စိတ်မျိုး ဖြစ်အောင် ဖိုလ်ဝင်စားတော့မယ်ဆိုရင်...
အရင်ဆုံးတစ်ခုရှင်းပြပါရစေ...
"ဉာဏ်စဉ် (၁၆)ပါး" ဆိုတာရှိပါတယ်။အရင် စာမျက်နှာတွေမှာလည်း ဖေါ်ပြခဲ့ဘူးပါတယ်။ဒီနေရာမှာတော့ ဒီ( ၁၆ ) ပါးလုံးကို မဖေါ်ပြတော့ပါဘူး။
ဝိပဿနာရှုတဲ့အခါ သာမာန်ပုထုဇဉ်တွေအနေနဲ့  စပြီးအားထုတ်တော့မယ်ဆိုရင်ဉာဏ်စဉ် (၁၆)ပါး မှာရှိတဲ့ "နာမရူပ ပရိစ္ဆေဒ ဉာဏ်" မှ စပြီး ဖြစ်ပေါ်ပါတယ်။
"နာမရူပ ပရိစ္ဆေဒ ဉာဏ်" ဆိုတာ ဘာလည်း ဆိုတော့..
"ရုပ် နာမ် ခွဲခြားသိတဲ့ဉာဏ်"..ဖြစ်ပါတယ်။ တရားအားထုတ်ရင်း ရှုဖန်များလာရင်.. ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ပိုင်းခြားသိလာတော့...
"နာမရူပပရိစ္ဆေဒဉာဏ်"ဆိုတာရလာပါတယ်။ ဒါ ပုထုဇဉ် မှာ စဖြစ်တဲ့ ပထမဆုံး ဉာဏ်စဉ်ပါ။
သောတာပန် ဖြစ်ပြီးသား အရိယာ ကတော့ " ဥဒယဗ္ဗယဉာဏ်" လို့ ခေါ်တဲ့...
ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်တဲ့ ဉာဏ် ကစပြီး ဖြစ်ပေါ်ပါတယ်။ ( မဟာစည်ဆရာတော်ဘုရား ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲစာမျက်နှာ ၄၃ မှာလည်း ပြဌာန်းထားပါတယ် )
ဓမ္မမိတ်ဆွေတို့  အဲဒီလို ရှုမှတ်နေတဲ့ အစ မှာ အဖြစ်အပျက် နှစ်ပါးလုံးကို သိလျက် " ဥဒယဗ္ဗယဉာဏ်" ဖြစ်ပေါ်နေပြီးတော့..သူ့ ဉာဏ်စဉ် အတိုင်း တိုးတက်၊တိုးတက် လာပြီးမကြာမီ အချိန်တစ်ခုမှာ အနူးညံ့ဆုံး၊ အသိမ်မွေ့ ဆုံး၊ အကောင်းဆုံး မှတ်သိမှုဖြစ်တဲ့ " သင်္ခါရုပေက္ခာဉာဏ်"သို့  ရောက်ရှိသွားပါလိမ့်မယ်။ ရုပ်၊ နာမ် ဓမ္မသင်္ခါရ တွေကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်တဲ့....
"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာပါတယ်။
တစ်ကယ်တန်း မဂ်ဖိုလ် သို့ ရောက်ပြီးသောသူရဲ့ စိတ်ထားဟာ အရင်တုန်းက စိတ်ထားနဲ့ မတူဘဲ ထူးခြားလာတာ ကိုယ့်ဖာသာကိုယ်သိသာပါတယ်။
ဥပမာ...
ဘဝအသစ်တစ်ခု ပြောင်းလဲ လာသလို ထင်ရတတ်ပါတယ်။ ယုံကြည်မှု ၊ကြည်ညိုမှု ၊ကြည်လင်မှု သဒ္ဓါ တွေဟာ အလွန် ထက်သန်စွာဖြစ်တတ်ပါတယ်။ အဲဒီ သဒ္ဓါ အဟုန်ကြောင့် ပီတိ ၊ပဿဒ္ဓိ တို့ လည်းလွန်ကဲစွာ ဖြစ်နေတတ်ပါတယ်။ ဝမ်းသာမှု သုခ ဟာ လည်း အလိုလိုပင် ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီ သဒ္ဓါ၊ ပီတိ ၊ပဿဒ္ဓိ ၊သုခ တို့ က လှိုက်လှိုက်လှဲလှဲ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အတွက်ကြောင့် မဂ်ဖိုလ်သို့  ရောက်ပြီးခါစ မှာ ရှုမှတ် ပေမယ့်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်သေးတာလည်း ရှိတတ်ပါတယ်။
ဒါပေမယ့် နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်း ဖြစ်စေ ကြာလွန်တဲ့ အခါမှာ အဲဒီ သဒ္ဓါ တို့ ဟာ အားနည်းသွားပါလိမ့်မယ်။ အဲဒီအခါမှာ ပိုင်းပိုင်းခြားခြား သိနိုင်ပြီးတော့ အမှတ်ကောင်းသွားပါလိမ့်မယ်။ တချို့ ပုဂ္ဂိုလ်တွေ ဟာ မဂ်ဖိုလ် သို့ ရောက်ပြီးခါစမှာ ဘယ်လို ဖြစ်လည်းဆိုတော့..
ဝန်ပေါ့သွားသလိုမျိုး ၊မမှတ်ချင်တော့သလို၊ အားရသွားသလိုမျိုး အဲဒီလိုစိတ်တွေ ဖြစ်တတ်ပါတယ်။အဲဒီလိုဖြစ်တဲ့ သောတာပန် က နဂိုကတည်းကမိမိဟာ "သောတာန်ပန်"ဖြစ်ရင်တော်ပြီ၊ "သောတာပတ္တိမဂ်ဖိုလ် " လောက်ကိုဘဲ ရည်မှန်းခဲ့တဲ့ အတွက်ကြောင့် ရောင့်ရဲမှုသာ ဖြစ်တယ် လို့  ယူဆ ရပါတယ်လို့ ..မဟာစည်ဆရာတော်ဘုရား ကြီး က ရေးသားဖေါ်ပြထားပါတယ်။
အဲဒီလို ဉာဏ်အား ပြည့်တဲ့အခါမှာ "သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်အာရုံ " ကို အယင် ကလိုပင် ကူးပြောင်းပြီး..
"ဖိုလ်စိတ်"အစဉ်ဖြစ်ပေါ်နေပါလိမ့်မယ်။
ဒီ "ဖိုလ်စိတ်"ဟာ "အရင်တုန်းက လို အချိန်ကို မပိုင်းခြားတော့ဘဲ တစ်ချို့ ဖိုလ်ဝင်စားသူတွေမှာ..
" တစ်ခါတစ်လေ ခဏလေးသာဖြစ်တတ်ပါတယ်။တစ်ခါတစ်လေ..၅မိနစ်လောက်၊ ၁၀မိနစ် ၊၁၅မိနစ်၊ နာရီဝက်၊ တနာရီ လောက် စသည်ဖြင့် အချိန် ကြာမြင့်စွာလည်း ဖြစ်တတ်ပါတယ်။
"အဋ္ဌကထာ" ထဲမှာတော့..တစ်နေ့ လုံး၊တစ်ညလုံး သော်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။တကယ်လို့ အချိန်ကာလပိုင်းခြားပြီး အဓိဋ္ဌာန်ထားတဲ့ ကာလပတ်လုံး လည်း ဖြစ်တတ်သည် ဟု မိန့် ဆိုထားပါတယ်။အခုမျက်မှောက်ကာလမှာလည်း သမာဓိ၊ ဝိပဿနာ ထက်သန်တဲ့ သူတွေမှာတော့ ၁နာရီ ၊၂နာရီ ၊၃နာရီ စသည်ဖြင့် ပိုင်းခြားထားသည့်အတိုင်း ကြာမြင့်စွာ "ဖိုလ်"တည်တံ့နေသည်ကို တွေ့ ကြရပါတယ်။
ထားပါတော့...
"ဖျက်လိုမှဘဲ ပျက်ပါစေ" ဆိုတဲ့ အဓိဌာန် နဲ့ အရင်ကတည်းက ပိုင်းခြားထားရင်လည်း အလိုမရှိတဲ့ အခါကျမှသာ ကောင်းစွာ ထပါတယ်။ဒါပေမယ့် တနာရီ ၊နှစ်နာရီ ကြာတဲ့ ပုဂ္ဂိုလ် အဖို့ ဆင်ခြင်တဲ့ စိတ်တွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ်...အဲဒီစိတ်တွေ ကို ၄-ချက်၊ ၅-ချက် လောက် မှတ်လိုက်ရင်တော့ "ဖိုလ်" ကို တဖန်ရောက်သွားပြန်ပါတယ်။ အဲဒီနည်း နဲ့ လည်းပဲ အားရသည့်တိုင်အောင် နာရီပေါင်းများစွာ တည်တံ့နေတာကိုလည်း တွေ့ ကြရပါတယ်။အဲဒီ " ဖိုလ် "စိတ်တွေ ဖြစ်နေတဲ့ အခိုက် မှာ "သင်္ခါရ" အလုံးစုံချုပ်ငြိမ်းသော နိဗ္ဗာန်အာရုံ မှာဘဲ စိတ် ဟာ တည်တံ့လျက်ရှိနေပါတယ်။
နိဗ္ဗာန်အာရုံ ကလွဲပြီး တစ်ခြားအာရုံကို မသိပါဘူး။ နိဗ္ဗာန် ဆိုတာကလည်း ဒီလောက၊ တစ်ပါးသော လောကတို့ နဲ့ ဆိုင်တဲ့ ရုပ်နာမ် သင်္ခါရ တရား၊ ပညတ်တရား တို့ မှ အလွတ် သီးခြားသဘောတရား ဖြစ်ပါပေတယ်။ ဒါ့ကြောင့်မို့ ဖိုလ် ဝင်စားနေတဲ့ အချိန်မှာ မိမိခန္ဓာကိုယ်ဟာ ဒီလောက တစ်ပါးသော လောကတို့ ရဲ့ အကြောင်းကို ဘာမျှ သတိမရပါဘူး၊ သိလည်းမသိပါဘူး၊ ကြံစည် စဉ်းစားမှု တွေဟာလည်းလုံးဝ ကင်းစင်နေပါတယ်။မြင်စရာ၊ ကြားစရာ၊ ထိစရာ ၊ နံစရာ အာရုံတွေ ထင်ထင်ရှားရှားရှိနေပေမယ့်လည်း ဘာကိုမျှ မသိတော့ပါဘူး။
"အပ္ပနာဇဝနံ ဣရိယာပထမ္ပိ သန္နာ မေတိ" ဟု ဆိုတာ နဲ့  အညီ ဣရိယာပုထ် လည်း ခိုင်ခံ့နေပါတယ်။ ထိုင်ပြီး ဝင်စားနေရင် ထိုင်တဲ့ ကိုယ်အမူအရာဟာ မူလက အတိုင်းဘဲ တည်တံ့လျက်ရှိနေပါတယ်။ ယိမ်းယိုင်ခြင်း၊ ညွတ်ကျခြင်း၊ ယွင်းပျက်ခြင်း မရှိပါဘူး။ ဖိုလ် စိတ် အစဉ်ပြတ်သွားသောအခါမှာ သင်္ခါရငြိမ်းတဲ့ သဘော၊ အဲဒီ ငြိမ်းရာကို ရောက်နေတဲ့ သဘောတွေကို ဆင်ခြင်မှုဖြစ်စေ၊ ပုံသဏ္ဌာန် စတဲ့ အာရုံတစ်မျိုးမျိုးကို တွေ့ မြင်မှုဖြစ်စေ၊ ရှေးဦးစွာ ထင်ရှားဖြစ်တတ်ပါတယ်။
အဲဒီနောက် မှတ်မြဲ မှတ်ခြင်း၊ ကြည်လင်ခြင်း၊ ဆင်ခြင်ခြင်း စတဲ့ စိတ်တို့ ဟာ ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်ကြပါတယ်။ မှတ်နေတာကို ဆက်မှတ်နေပေမယ့်လည်း အစ မှာ ပီသ ကြမ်းတမ်းတဲ့ အဖြစ်အပျက် ကို သိပြီး ခပ်ကျဲကျဲသာ ဖြစ်တတ်ပေမယ့် ဝိပဿနာ အထူးအားကောင်းလာတဲ့ အခါ "ဖိုလ်" မှ ထခါစ မှာ လည်း အမှတ်မကျဲဘဲ ကောင်းမြဲပင်၊ သိမ်သိမ်မွေ့ မွေ့ နဲ့ ကောင်းနေတာလည်းရှိနေသေးပါတယ်။
အဓိကအချက်က "ဖိုလ်"ကို မြန်မြန်ရောက်ရန်၊ ဖိုလ်ဝင်စားမှု ကြာကြာတည်တံ့ဖို့ အတွက် ၊ ဆောက်တည်မှုကို အားမထုတ်ခင်ကတည်းက ကြိုတင်ပြီး ပြုလုပ်ဖို့ လို ပါတယ်။ မှတ်နေတဲ့ အချိန်ကျမှ ဆောက်တည်မှုအတွက် ကြောင့်ကြမှု၊ တောင့်တမှုကို မပြုအပ်ပါဘူး။ ဝိပဿနာ အားမပြည့်သေးဘူး ဆိုရင်တော့ အမှတ် အထူးကောင်းနေတဲ့ အချိန်မှာ ကြက်သီးထ တာတို့ ၊ သမ်း တာတို့ ၊ ခန္ဓာကိုယ်တုန်လှုပ်တာတို့ ၊ ရှိုက်တာ တို့ တွေ ဖြစ်ပြီးတော့ အမှတ်ကျဲသွား သည်လည်း ရှိတတ်ပါသေးတယ်။
မှတ်နေရင်း မှတ်နေရင်း အထူးကောင်းလာတဲ့ အချိန် မှာ "ရောက်တော့ မှာဘဲ" လို့ ဆင်ခြင်မိတဲ့အတွက် အမှတ်ကျဲသွားသည်လည်း ရှိပါသေးတယ်။ဓမ္မမိတ်ဆွေတို့  မဆင်ခြင်မိစေကြစေဖို့  အထူးဂရုပြုသင့်ပါတယ် ။
အကယ်၍ပေါ့လေ ဓမ္မမိတ်ဆွေ အနေနဲ့ ဆင်ခြင်မိရင်၊တွေးမိလိုက်ရင်တောအဲဒီ "ဆင်ခြင်မှု" "တွေးတောမှု"ကို မိမိရရ မှတ်ပါလို့ တိုက်တွန်းပါတယ် ။
အဲဒီလို ကျဲကျဲသွားတာကို အကြိမ်များစွာ မကြာခဏ တွေ့ ရပြီး မှ "ဖိုလ်" ကို ရောက်တဲ့သူလည်းရှိတတ်ပါတယ်။ သမာဓိ ဉာဏ်အားနည်း နေရင်တော့ သောတာပန် ပုဂ္ဂိုလ်ဟာ ဖိုလ် သို့ မြန်မြန်မရောက်တတ်ပါဘူး၊ ရောက်ရင်လည်း ကြာကြာမတည်တံ့ တတ်ပါဘူး။ ဒါကတော့ "ဖိုလ်"ဝင်စားတဲ့ ပုံစံဖြစ်ပါတယ်။အဲဒီလို "ဖိုလ်" ဝင်စားနိုင်ပြီဆိုရင်တော့ သေခြာပေါက် "သောတာပန်" ဖြစ်တယ် လို့ ပြောနိုင်ပါတယ်။
ဘယ်လိုဘဲ ဖြစ်စေ..
ဓမ္မမိတ်ဆွေ ကိလေသာ ကို သတ်တယ် ဆိုတာ"မဂ်"၊ ရုပ်ဓာတ်၊နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက် လို့ ဆိုတဲ့အတိုင်း၊ ဒါမှမဟုတ် သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမှီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမှီ၊ "မဂ်သဘာဝ"၏ ချုပ်ပြတ်ပုံမျိုး လို "မဂ်အတု" များလည်း သေချာပေါက် ပေါ်ပေါက်ကြပါသေးတယ်။
လေ့လာထားရသလောက်မျှဝေရရင်....
၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြု လွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊
၂။ ကြောင့်ကြပူပန်ခြင်းကင်းနေတဲ့ စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊
၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိမ်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၎။ ဝီရိယထား၊ သမာဓိအား နှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားပြီး တစ်မှတ်စာလောက် လစ်လပ်သွားတတ်ခြင်း၊
၅။ အမြင်ကလည်းမတိုး၊ ရိုးအီပျင်းရိလာပြီးတော့ အားထုတ်ရတဲ့ ဆန္ဒအားတွေ ယုတ်လျော့ နိမ့်ပါးသွားပြီး ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၆။ နုလွန်သောအတွေ့ မှာ အသိက မလိုက်နိုင်တော့တဲ့ အတွက်ကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ် သွားတတ်ခြင်းများပင်ဖြစ်ပါတယ်။
တကယ်တော့ အဲဒီခြောက်မျိုးဟာ သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှ ဖြစ်တဲ့ မသိပြတ်မျိုးချည်းဘဲ ဖြစ်ကြပါတယ်။
မဂ်အစစ်ကား …
မဂ် ကျတာ နဲ့  တစ်ပြိုင်နက် ထပ်ချပ်မကွာ "ဖိုလ်" လို့ ခေါ်တဲ့ ကိလေသာ သေဆုံးသွားမှု ရဲ့ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ "ဖိုလ် နှင့် မဂ်" တစ်ဆက်တည်းသာ ဖြစ်ပါသည်။
မဂ်အတုတို့ကား …
မလစ်လပ်ခင် ကတည်းက အေးလည်းအေး၊မှေးလည်းမှေး အဖြစ်ဖြင့် ဥပေက္ခာ ကပေးသော သာမန် အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာတော့ပါဘူး။
တစ်ကယ်တော့"မဂ်" ဆိုတာ သူနဲ့ ဆိုင်ရာ ကိလေသာ ကို သတ်ဖြတ်ချလိုက်ခြင်း၊" ဖိုလ်" ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် "မဂ် နှင့် ဖိုလ်" တို့ဟာအကြောင်းခံ နဲ့  အကျိုးဆက် ခွဲဖျက် မရစကောင်းသော အတွဲများသာ ဖြစ်ကြသောကြောင့်....
စာရေးသူမိမိရဲ့ သဘောထားကို ပြောရရင်... "မဂ်အစစ်" ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုဘူးလို့ ထင်ပါတယ်။
အတုအစစ် "ခွဲခြားနည်း" မည်သူ့ထံမှလည်း နည်းခံနေစရာ လိုမယ်လည်း မထင်ပါဘူး။ "မဂ်မသိ ဖိုလ် နဲ့ ညှိ " စကားပမာ ချုပ်ပြတ်မှုသိတဲ့ အသိရဲ့ နောက်မှာ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်၊ မလိုက်ဖြင့် ချိန်ကိုက်သိနိုင်ကြောင်း ကိုသာ တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
ကိုးကား- မဟာစည်ဆရာတော်ဘုရားကြီး ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲ အား ဖတ်ရှုယင်းစာမျက်နှာ ၄၃ မှ ကောက်နုတ်၍ လည်းကောင်း၊ (မဟာစည်နာယက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီ)"သောတာပန်" စာမျက်နှာမှလည်းကောင်း၊ ရွှေကျောင်းကုန်းဆရာတော် (မဟာဗောဓိမြိုင်ဆရာတော်) ဝနဝါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ် ပူဇော်ပါသည်။
"ဝိပဿနာ" ဆိုတာ ဘာမှန်းမသိကြသူများအတွက်
••••••••••••••••••••••••••••••••
မျက်မှောက် ဝိပဿနာ အားထုတ်ကြသူတို့အနက် ဟို ရှေးအယင် အနှစ် သုံးလေးဆယ် ကာလတွေထက် အဆပေါင်းများစွာ ပိုမို များပြားအားထုတ်လာကြတာကိုတော့ သတိထားမိကြမှာပါ။ယခု မျက်မှောက်ကာလမှာတော့ ဝိပဿနာ ကျင့်ကြံအားထုတ်သူတွေဟာ အသက်ကြီးရွယ်အိုတွေတင်မကဘဲ၊ အရွယ်လတ် ၊ အရွယ်ငယ် နဲ့  ကလေးတွေ ပါမကျန် ယောက်ကျားမိန်းမ လူတန်းစား အလွှာမရွေး ၊ အားထုတ်လာတာ မြင်ကြရတဲ့အပြင် အခြားနိုင်ငံရပ်ခြားက လူမျိုးခြားတွေကပါ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရိပ်သာတွေ ဝင်ရောက်ပြီး ဝိပဿနာ အားထုတ်ကြသူတွေ တစ်နေ့တခြား ပိုမိုမြားပြားလာတဲ့အတွက် သာသနာတရပ်အနေနဲ့ အခုမျက်မှောက်ခေတ်ကာလကို " ဝိပဿနာခေတ်" လို့ တောင် ခေါ်ဆိုလို့ ရပါတယ် လို့ ရှေးဦးစွာ ပြောကြားလိုပါတယ်။
"ဝိပဿနာ"ဆိုတာ…ဘာမှန်းမသိကြသူတွေ အတွက် ရေးသားဖေါ်ပြတဲ့နေရာမှာ ဝိပဿနာ ရဲ့ အဓိပ္ပါယ် သာမက ဘဲ ဝိပဿနာအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပါ ရေးသားဖေါ်ပြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ သိရှိနားလည်စေချင်တဲ့အတွက်ကြောင့် အတိုချုံး ပြီးတတ်နိုင်သမျှ ရေးသားပေမယ့် လည်း စာအနည်းငယ် ရှည်ချင်ရှည်သွားပါလိမ့်မယ်။ အကယ်၍ ရှည်လျားသွားပါက အတိုချုံး ပြီး ရေးသားလို့ ၊ ချန်လှပ်လို့ မရနိုင်တဲ့ အကြောင်းတွေ အတွက်ကြောင့်လို့ သာ နားလည်ပေးကြပါ။
ဆရာတော် သံဃာတော်တွေက တော့ ဝိပဿနာ ကို အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ နားလည်လွယ်ကူစေဖို့  စေတနာ နဲ့  ဆရာတော် သံဃာတော် တို့ က ဘယ်လိုဘဲ အဓိပ္ပါယ်ဖွင့်ဆိုဖွင့်ဆို နောက်ဆုံးမှာ လိုရင်းဆီကို ရှေးရှုလျက်သာရှိတဲ့အတွက်ကြောင့် အားလုံးဟာ အမှန်ပါဘဲ ဆိုတာ ဦးစွာပြောပါရစေ။
ဥပမာ...
"ပညတ်"ကို ခွာပြီး "ပရမတ်"တွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို သိအောင်လုပ်တာ..ဝိပဿနာ၊
( ဒီနေရာမှာ "ပညတ်" "ပရမတ်" ကို နားမလည်တဲ့ ဓမ္မမိတ်ဆွေအတွက်..အကျဉ်းလောက် ဒီစာမျက်နှာ တစ်နေရာမှာ ဖေါ်ပြပေးပါမယ်)
ရုပ်တွေ နာမ်တွေ ရဲ့ " ဖြစ်ပျက်" ကို မြင်အောင်ကြည့်တာ....ဝိပဿနာ၊
ခန္ဓာ"အရှိ" နဲ့ ဥာဏ်"အသိ"ကို ကိုက်အောင်လုပ်တာ....ဝိပဿနာ၊
ရှေ့က "ဖြစ်ပျက်" နောက်က "မဂ်"လိုက်တာ...ဝိပဿာနာ၊
အသေ ကို အရှင် နဲ့ ကြည့်တာ...ဝိပဿနာ၊
ကျေးဇူးရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး ရဲ့ အဆိုအမိန့် အရ ရုပ်နာမ်မှာ ဖြစ်နေတဲ့သဘောတွေကို...
ဖြစ်နေတဲ့အတိုင်း၊ ရှိနေတဲ့အတိုင်း...
သတိနဲ့စောင့်ရှောက်နေတာဟာ သတိပဋ္ဌာန် ဝိပဿနာ ပဲ။ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းအကျင့် ပါပဲ။ အဲဒါ မဂ္ဂင်ရှစ်တန်အကျင့်မှန်ဘဲ ဖြစ်ပါတယ်။
အတိုချုပ်အနေနဲ့ပြောရမယ်ဆိုရင်…
အထူးကြည့်တာ...ဝိပဿနာ။
အထူးကြည့်တော့ အထူးသိတာပေါ့၊
သမားရိုးကျကြည့်တာမဟုတ်ဘူး။
ဝိပဿနာမျက်လုံးနဲ့ ကြည့်တာ။
သမားရိုးကျကြည့်ရင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမြင်ပါလိမ့်မယ်။ သူဌေး၊ ဆင်းရဲသားမြင်ပါလိမ့်မယ်။
အထူးကြည့်တော့ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်ဘူး။ သူဌေး၊ ဆင်းရဲသားမဟုတ်ဘူး။
ရုပ်တွေ နာမ်တွေပဲ အထူးကြည့်တော့ အထူးမြင်ပါတယ်။ ရုပ်တွေနာမ်တွေရဲ့ ဖြစ်ပျက်ကိုမြင်လာတယ်။ အဲဒါကို ဝိပဿနာ လို့ခေါ်ပါတယ်။
အကယ်၍ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကိုသာ သိမယ်ဆိုရင်တော့ ဘာပြောနေလဲဆိုတာကို နားလည်နေပါလိမ့်မယ်။
ဝိပဿနာတရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ ဆိုတာကိုအရင်ဆုံး အကြမ်းဖျင်းရှင်းပြပါရစေ.....
ရုပ်သဘောတရား နာမ်သဘောတရားတို့ ရဲ့ အခြေအနေမှန် ဖြစ်တဲ့ ( ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း )တို့ ကို သိမြင်အောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) မြင် အောင်ကြိုးစားအားထုတ်မယ် ဆိုလို့ ရှိရင်..မျက်မှောက်ကာလ မှာဘဲ
* စိတ်ဓါတ်ဖြူစင် သန့် ရှင်းခြင်း..
* မပူဆွေး မငိုကြွေးရတော့ခြင်း...
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း..
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကို ရရှိခြင်း..
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း..
စတဲ့ ကောင်းကျိုးတရားတွေ ရရှိကြောင်းကို မဟာသတိပဋ္ဌာနသုတ် မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာ ရှိပါတယ်။
* စိတ်ဓါတ်ဖြူစင် သန့် ရှင်းခြင်း
သတိပဋ္ဌာန်တရားတော် နဲ့ အညီ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်း (အနိစ္စ) သဘောတို့ ကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အားထုတ်သူရဲ့ စိတ်ဓာတ်ဟာ လိုချင်မှုဆိုတဲ့ လောဘ၊ မကျေနပ်မှု ဆိုတဲ့ ဒေါသ၊ မသိတွေဝေမှု ဆိုတဲ့ မောဟ ၊ အဲဒီ ရုပ်နာမ်သဘောတွေ ကို ငါ လို့ ထင်မြင်ယူဆတဲ့ ဒိဋ္ဌိ အစရှိတဲ့ မကောင်းတဲ့ စိတ်နေစိတ်ထား၊ ကိလေသာ တွေဟာ လျော့နည်း ပပျောက် ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ် လာပါတယ်။ ရုပ်နာမ်ဖြင့် ဖွဲ့ စည်းထားတဲ့ ခန္ဓာကိုယ် ကို ငါ သူ လူပုဂ္ဂိုလ် သတ္တဝါ မရှိ ရုပ်နာမ်သဘောသာရှိတယ် လို့ မိမိခန္ဓာမှာ အမြင်ရှင်းလာပါတယ်။
အမြင်ကြည်လင် ပြတ်သားလာပါတယ်။ထို့ အတူ စိတ်ဓါတ်ဟာ လည်း ဖြူစင် သန့် ရှင်း ခိုင်မာလာပါတယ်။
* မပူဆွေး မငိုကြွေးရတော့ခြင်း
အဲဒီသို့ ခန္ဓာအမြင် ကြည်လင်လာတာ နဲ့  အမျှ မိမိခင်မင်တွယ်တာ ခဲ့ ရတဲ့ သက်ရှိ သက်မဲ့တွေ ဆုံးရှုံး ပျက်စီးတဲ့ အခါ စိုးရိမ်ပူဆွေးမှုတွေ လျှောချနိုင်လာပါတယ်။
အဲဒီလို မတည်မြဲ ကြတဲ့ သဘောကို နားလည်လာတဲ့ အတွက်ကြောင့် ပူဆွေး ငိုကြွေးရခြင်းတို့ ရဲ့ သက်သာမှုကို ရစေပါတယ်။
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း
အဲဒီလို စိတ်ဓာတ်တည်ငြိမ် လာသူဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စတဲ့ ကျန်းမာရေးထိခိုက်မှု တွေဟာလည်းနည်းပါးလာပါတော့တယ်။
သောကဖြစ်စရာတွေ နဲ့  ကြုံတွေ့ ရင်လည်း ခံနိုင်ရည်ရှိလာပါတယ်။ အဲဒီလို စိတ်ကျန်းမာမှုဟာ ရုပ်ပိုင်း ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အတွက်ကြောင့် တရားအားထုတ်ခြင်းက ကိုယ်စိတ်ဆင်းရဲမှုကို မဖြစ်စေပဲ ကိုယ် နဲ့ စိတ် ကိုရွှင်လန်းစေနိုင်ပါတယ်။
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း
အဲဒီလို စိတ်တည်ငြိမ်လာတဲ့ အခါမှာ တစ်ဆင့်တက်ပြီး ရုပ်နာမ် သဘောတွေကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသော ယောဂီဟာ ဆိုရင် မိမိရဲ့ ဝိပဿနာဉာဏ် အဆင့်ဆင့် ကို ရင့်ကျက်အောင် အားထုတ်သွားရင်၊ ဒုက္ခကို ဒုက္ခမှန်း၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း၊ သိမြင်လာပြီး အဆင့်ဆင့် တက်ကာ အရိယာ မဂ်ဉာဏ် ကိုရရှိနိုင်ပါလိမ့်မယ်။ သစ္စာလေးပါး အမှန်တရားကို သိမြင်နိုင်သည့် ဤမဂ်ဉာဏ် ကိုမရရှိသောကြောင့် ဓမ္မမိတ်ဆွေ တို့ ဟာ သံသရာထဲ တဝဲလည် လည်နေရတာကို လည်းနားလည်လာပါတော့တယ်။
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း
မျက်စိနှစ်ကွင်း အလင်းမရသူဟာ ပြင်ပအရာဝတ္တုတွေကို မသိမြင်နိုင်ပါဘူး။ ထို့ အတူ သစ္စာလေးပါး ကို မသိသူဟာ နိဗ္ဗာန်ဟူသော သန္တိသုခ အငြိမ်းဓာတ်ကို မသိမြင်နိုင်ပါဘူး။ တရားအားထုတ်ထားသူ ရရှိထားသော မဂ်ဉာဏ် ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓာတ်သဘော ကို သိမြင်နိုင်ပါပေတယ်.. စတဲ့ ကောင်းကျိုးတွေကို လက်ရှိမျက်မှောက်ဘဝမှာတင် ခံစား၊ စံစားနိုင်ကြပါတယ်။
ဝိပဿနာအကြောင်းကို ဘာမှမသိသေးတဲ့ ခုမှစတင်လေ့လာတဲ့ ဓမ္မမိတ်ဆွေတွေ အနေနဲ့ ပထမဆုံး…
"ပညတ် နဲ့ ပရမတ်"ကို ကွဲကွဲပြားပြားသိရပါလိမ့်မယ်။
ရုပ်တွေ နာမ်တွေကို ကျကျနန နားရှင်းအောင်သိရပါမယ်။
ဒါမှ ဝိပဿနာဆိုတာ ဘာလဲဆိုတဲ့အဓိပ္ပါယ်ကို ပိုပြီး သဘောပေါက်ပါလိမ့်မယ်။ နားလည်ပါလိမ့်မယ်။
" ပညတ်နဲ့ ပရမတ် "ကို နားလည် လွယ်အောင် ရှင်းပြရရင်...
ပညတ်ဆိုတာအများကလက်ခံထားတဲ့၊ အများလည်းနားလည်အောင် သတ်မှတ်ထားတဲ့ သဘောပါဖြစ်ပါတယ်။
အခေါ် အဝေါ် သဘောပါ။
လူမျိုးပေါင်းစုံ၊ဘာသာစကားပေါင်းစုံရှိကြတဲ့ အတွက်ကြောင့် အကြောင်းအရာတစ်ခုခုကို အခေါ်အဝေါ်မျိုးစုံ ရှိပါတယ်။
ဥပမာ..
"အိုး" ကိုပဲ မြန်မာလို အိုး လို့ခေါ်ပေမယ့် အင်္ဂလိပ် လိုက တစ်မျိုး၊ တရုတ်လို က တစ်မျိုး၊ ကုလား လို က တစ်မျိုး အမျိုးမျိုး အခေါ်အဝေါ် ပြောင်းနေကြပါတယ်။
"ပညတ်" ဆိုတာ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင် အဆင်း၊ နေရာဒေသ၊ အချိန်အခါတွေကြောင့် ဖြစ်ရတာပါ။ ဒါတွေကို အများနားလည်အောင် ခေါ်ဝေါ်နေရတာပါ။
"ပညတ်" ဆိုတဲ့သဘောက ပုံသဏ္ဌာန်ကြောင့်လည်း ပြောင်းလဲသွားတယ်။ အခေါ်အဝေါ်ပေါ့နော်။ အရွယ်အစား၊ အရောင်အဆင်း၊ နေရာဒေသ၊ အချိန်အခါ ဆိုတာတွေကြောင့်လည်း ပြောင်းလဲပါတယ်။ ဒါကြောင့် "ပညတ်" က ပြောင်းလဲတယ်။ မခိုင်မြဲဘူးလို့ဆိုပါတယ်။
"ပရမတ်" တရား တွေက "မူလအခြေခံ" သဘောတွေပါ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မူလ ပင်ကိုယ်သဘောကနေ မပြောင်းလဲပါဘူး။ ပင်ကိုယ် သတ္တိ မပျောက်ပါဘူး။
ဥပမာအနေနဲ့ ပြောရရင်...
သောက်ရေအိုး တစ်လုံးကို နှလုံးသွင်းလိုက်ကြပါစို့။ သောက်ရေထည့် ထားလို့ သောက်ရေအိုးလို့ ခေါ်တာ မှန်နေတာပါ။ ခြေဆေးဖို့ ရေတွေထည့်ထားရင် ခြေဆေးအိုး၊ ဟင်းရွက်စုံ ချဉ်ရေစိမ်ဖို့ ချဉ်ဖတ် ထည့်ထားရင် ချဉ်ဖတ်အိုး၊ အိုးတိုက်ဖွဲပြာတွေ ထည့်ထားရင် ဖွဲပြာအိုးလို့ခေါ်ကြပါတယ်။ ဒါဟာ အမှန်ပါပဲ။ လောကလူသားတွေ နားလည်တယ်။ လက်ခံတယ်။ ပညတ် အမှန်တရားပါ။
ဒီ အိုး ကိုပဲ ဘာမျှ အသုံးမပြုဘဲထားရင် အိုးဟာ အိုးပါပဲ။ အဲ...တစ်ခု တော့ရှိပါတယ်။ မြေကြီးကို အရင်းခံ ထားပြီး အမာခံလုပ်၊ ဖုတ်ထားတဲ့အတွက် မြေအိုးလို့ ခေါ်ကြပါတယ်။ ခွက် ပုံစံဆို မြေခွက်၊ အင်တုံ ပုံစံ ဆိုရင် မြေအင်တုံဖြစ်ပြီပေါ့။ ဒီမြေအိုးပါပဲ။
တစ်ပုံစံတည်း ဖြစ်ပေမယ့် အညာဒေသ ရွှေဘိုကျောက်မြောင်းက ထွက်ရင် အညာအိုး၊ ရွှေဘိုအိုး၊ ကျောက်မြောင်းအိုး လို့ ခေါ်ကြပြန်ပါတယ်။
ဒီအိုး တစ်လုံးတည်းကိုပဲ မဝယ်ခင်က၊ မသုံးခင်က ဆိုရင် အိုးအသစ်၊ ဝယ်ပြီး၊ သုံးပြီး ပြီဆိုရင် အိုးအဟောင်းလို့ ခေါ်ကြပြန်ပါရော။ အရွယ်ကြီးရင် အိုးကြီး၊ အရွယ်ငယ်ရင် အိုးသေးလို့လည်း ခေါ်ကြပါတယ်။ သောက်တော်ရေအတွက် ဘုရားစင်ပေါ် တင်ထားရင် ဘုရားအိုး၊ စားပွဲပေါ် တင်ထားရင်စားပွဲ တင်အိုး၊ အိမ်နောက်ဖေးအိမ်သာထဲ ထားလိုက်ရင် အိမ်သာအိုး ဖြစ်သွားပြန်တယ်။
တစ်ခုခုနဲ့ ထိမိ၊ ခိုက်မိလို့ အိုးကွဲသွားရင် ဟောမြေအိုး၊ သောက်ရေအိုး၊ အိုးအဟောင်း ဆိုတဲ့ နံမယ်တွေ ပျောက်ကုန်ပြီး အိုးကွဲကြီးလို့ ဖြစ်သွားပြန်ပါတယ်။ အိုးကွဲကြီး ကို ကလေးတွေက တစ်ခြမ်းပြီး တစ်ခြမ်းထုလိုက်၊ ဆော့လိုက် လုပ်တော့ အိုးခြမ်းကွဲ၊ အိုးခြမ်းပဲဖြစ်ပြန်ရော။ တစ်ခါ ထပ်ပြီး အိုးခြမ်းပဲ့လေးတွေကို အမှုန့်ဖြစ်အောင် ထုလိုက်၊ ကျိတ်လိုက်ရင် မြေမှုန့်တွေ ဖြစ်သွားပါတယ်။
အဲဒါဘာမြေလဲလို့မေးရင် အိုးကနေ ဖြစ်သွားတဲ့ မြေဖြစ်လို့ အိုးမြေလို့ ခေါ်ပါတယ်။ မြေအိုး ကနေ အိုးမြေ ဖြစ်သွားပါပြီ။ ပုံသဏ္ဌာန်၊ အရွယ်အစား၊ နေရာဒေသ၊ အချိန်ကာလတွေပြောင်းလို့ အခေါ်အဝေါ်တွေ ပြောင်းလဲတဲ့ သဘောက ပညတ် အာရုံတွေရဲ့ သဘောပါ။
မြေအိုး ပဲဖြစ်ဖြစ်၊ အိုးမြေ ပဲဖြစ်ဖြစ် မူလအရင်းခံက မြေ ပါပဲ။မြန်မာလို မြေလို့ ခေါ်နေတာပါ။ ဒါပေမယ့် မြေ ရဲ့တကယ် အရှိသဘောဆိုတာ "အမှုန့်" ကို ခေါ်တာမဟုတ်ပါဘူး။ အဲဒီ မြေကြီးကို မျက်စိမှိတ်မှိတ်၊ ဖွင့်ဖွင့် သွားထိလိုက်ရင် ထိတဲ့အခါမှာလည်း လက် ညှိုးနဲ့ ထိထိ၊ လက်ခလယ်နဲ့ထိထိ ထိလိုက်ရင် ထိတဲ့ သဘောရှိနေပါတယ်။ မာတဲ့ပျော့တဲ့သဘောလို့ အသိ မှာဖြစ် တတ်ပါတယ်။ မာမှု ပျော့မှုလို့ခေါ်တဲ့ အဲဒီ ထိသဘော မြေဓာတ် ပရမတ် ဟာ မြေအိုး၊ သောက်ရေအိုး၊ အိုးကြီး၊ အိုးသေး၊ အိုး ဟောင်း၊ အိုးသစ်ဆိုတဲ့ အမည်တွေ၊ ပညတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မာ ပျော့ ထိ ဆိုတဲ့ မြေဓာတ် "ပရမတ်" ကတော့ အမြဲ ရှိနေပါတယ်။ မြေမှုန့်တွေ ဖြစ်တဲ့အထိလည်း ရှိနေပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အကြောင်းကြောင်း တွေကြောင့်ပဲ ဖြစ်ဖြစ် မြေဓာတ်ရဲ့ သဘောက မပြောင်းလဲပါဘူး။ ဒါကို ပရမတ် ရဲ့ အမှန်တရားလို့ ခေါ်ပါတယ်။
ပညတ်က အများသတ် မှတ်တဲ့သဘော အမှန်ပါပဲ။ဒါပေမယ့် မရှိတရားပါ။ ပရမတ်ဆိုတာ အများသတ်မှတ်သည် ဖြစ်ဖြစ်၊ မသတ်မှတ်သည် ဖြစ်ဖြစ်၊ သိသိ မသိသိ အမှန်တရားပါပဲ။ တကယ် အရှိတရားပါ။ ပရမတ်ဆိုတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ သဘောတွေရှိပါ တယ်။ ပညတ်ကတော့ မရေတွက်နိုင် အောင်များပါတယ်။ ဒီသဘောတွေဟာ ပညတ်နဲ့ ပရမတ်တွေ ရဲ့ သဘောတွေပါပဲ။
"ပညတ်" ဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်အောင် သတ်မှတ်ထားတဲ့ နာမည်တွေကိုခေါ်တာ။ အမှန်တကယ် မရှိဘူး။
ဥပမာ..
ခေါင်း၊ ခါး၊ လက်၊ ခြေ၊ ယောက်ျား၊ မိန်းမ၊ အိမ်၊ ကျောင်း၊ ကား၊ ရထား၊ စသည်အားဖြင့် လူအမျိုးမျိုးက ဝေါဟာရအမျိုးမျိုးနဲ့ ခေါ်နေကြတာ၊ပြောနေကြတာလည်းအားလုံးဟာ ပညတ် တွေပဲ။
"ပရမတ်"ဆိုတာကတော့ အမှန်တကယ်ရှိတဲ့ သဘောတရားကို ဆိုလိုတာပါ။ သဘောမျှပဲ။ မျက်စိနဲ့လည်းမမြင်ရဘူး၊ ပုံသဏ္ဍာန်လည်းမရှိဘူး၊ အလေးချိန်လည်းမရှိဘူး၊ ထုထည်းလည်းမရှိလို့ ဆုတ်ကိုင်လို့လည်းမရပါဘူး၊ အမှုန့်တွေလည်းမဟုတ်ဘူး။ မီးခိုးလည်းမဟုတ်ဘူး၊သဘောလေးပါပဲ။
ဥပမာ..
လှုပ်တဲ့သဘော၊ နာတဲ့သဘော၊ ကြားတဲ့သဘောတွေဟာ "ပရမတ်"ပါပဲ။ ပရမတ် တရားက "စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်" ဆိုပြီး(၄)ပါးရှိပါတယ်။ စိတ် နဲ့ စေတသိက် ကို ပေါင်းပြီး နာမ် လို့ခေါ်ပါတယ်။
နာမ်ရဲ့သဘောတရားက…
သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊
ရုပ်ရဲ့သဘောတရားက…
ဖောက်ပြန်တတ်တဲ့သဘော၊ မသိတဲ့သဘော၊ အကြမ်းအားဖြင့်..
ရုပ်ဆိုတာ...
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော..ဆိုတဲ့ ဓာတ်ကြီးလေးပါး အပေါင်းအစုပါပဲ။
လက်တွေ့ရှုမှတ်တဲ့အခါ ဓာတ်ကြီးလေးပါးရဲ့ ပရမတ် သဘောတွေကို ရှုမှတ်ရမှာဖြစ်ပါတယ်။
ပထဝီ ဓာတ်ရဲ့ ပရမတ် သဘောက…
မာမှုသဘော၊ ပျော့မှုသဘော။
အာပေါ ဓာတ်ရဲ့ ပရမတ် သဘောက…
လေးမှုသဘော၊ ဖွဲ့စည်းမှုသဘော၊ ယိုစီးမှုသဘော။
တေဇော ဓာတ်ရဲ့ ပရမတ် သဘောက…
ပူမှုသဘော၊ အေးမှုသဘော၊ ပေါ့ပါးမှုသဘော။
ဝါယော ဓာတ်ရဲ့ ပရမတ် သဘောက…
တွန်းကန်တဲ့သဘော၊ တောင့်တင်းတဲ့သဘော၊ လှုပ်ရှားတဲ့သဘော။
ရုပ် နဲ ပတ်သတ်လို့ ဒီလောက်တော့သိထားရပါမယ်။
နာမ်နဲ့ ပတ်သက်ပြီး ပြောရရင်တော့...
ခုနရေးပြထားတဲ့အတိုင်း စိတ် နဲ့ စေတသိက် ကိုပေါင်းပြီးတော့ နာမ် လို့ခေါ်ပါတယ်၊ သိမှုလေး ကိုစိတ်လို့ခေါ်တာ။ စိတ်တစ်ခုဖြစ်ရင် စေတသိက်တွေလည်း ပါလာပါတယ်ပဲ။ စေတသိက် ဆိုတာကလည်း စိတ် ကိုမှီတွယ်ပြီးတော့ စိတ်ကိုခြယ်လှယ်နေတဲ့ စိတ် တစ်မျိုးပါပဲ။ သူကြောင့် အကုသိုလ်စိတွေဖြစ်သွားတာရှိသလို၊ ကုသိုလ်စိတ်တွေဖြစ်သွားတာလည်းရှိပါတယ်။
ဓမ္မမိတ်ဆွေတို့ အလွယ်ဆုံးနည်းနဲ့ ဒီလိုမှတ်ပါ။ ကြည်လင်နေတဲ့ " ရေ " ဟာ "စိတ် " ဆိုပါစို့၊ အရောင်တစ်ခုခု မထည့်သ၍ စိတ် က ကြည်နေမှာဘဲ၊ ထည့်လိုက်တဲ့ အရောင်အလိုက် အဲဒီရေဟာ အရောင်ပြောင်းပါတယ်။ ဒီတော့ အဲဒီအရောင်ပြောင်းစေတဲ့ အရာဟာ စေတသိက် ပါဘဲ။
စေတသိက်က အားလုံး( ၅၂ ) လုံးရှိပါတယ်။
တရားအားထုတ်မယ်ဆိုရင် ရုပ်(၂၈) ပါးတို့၊ နာမ်(၅၃)ပါးတို့ ရှိပေမဲ့ ဒါတွေကို အကုန်သိစရာမလိုပါဘူး။အကုန်မသိပေမဲ့ လည်းဘဲ ဝိပဿနာ အားထုတ်လို့ရပါတယ်။
◆ ဝိပဿနာ အားထုတ်တယ်၊ တရားထိုင်တယ် ဆိုတာဟာ အလွယ်ဆုံး ပြောရရင် မိမိရဲ့ စိတ်ကို စောင့်ကြည့်တာပါဘဲ။ စိတ်ကို စောင့်ကြည့်တယ် ဆိုတော့ တရားစပြီးအားထုတ်ခါစမှာတော့ ဟိုပြေး၊ဒီပြေးနဲ့ မငြိမ်မသက်ဖြစ်တတ်တဲ့ စိတ်ရဲ့ ပင်ကိုယ်သဘာဝကို ကြုံတွေကြရမှာ တော့ တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တိုင်းလိုလိုပါဘဲ။အဲဒီလို စိတ်ကို စောင့်ကြည့်တာများလာတဲ့အခါ စိတ်တည်ငြိမ်မှုရလာပါလိမ့်မယ်။
အချိန်ကြာကြာ နဲ့ အလေ့အကျင့် များများ တရားထိုင်လေလေ၊ စိတ်ကို အားမစိုက်ရပဲ ငြိမ်ငြိမ်သက်သက် ဖြစ်အောင် လုပ်နိုင်လာလေလေပါပဲ။
ဝိပဿနာ အကြောင်းကို ဘယ်လိုဘဲ စာနဲ့ ရှင်းပြရှင်းပြ၊ တကယ်တန်းကျတော့..ဖတ်ရုံ နဲ့  နားလည်ဖို့ မလွယ်ပါဘူး။
"ဝိပဿနာ" အလုပ်ဆိုတာ လုပ်ကြည့်မှ သိလာမှာပါ•••••
"ဝိပဿနာ" အားထုတ်ဖို့  "ကမ္မဌာန်း"တရား တွေ အများကြီးရှိတဲ့ အနက် တရားစခန်းတိုင်းလိုလိုက တရားအားထုတ်ကြသူ ယောဂီ တွေ ကိုအများအားဖြင့် "အာနာပါန ကမ္မဌာန်း" သာ ပေးလေ့ရှိတဲ့ အတွက်ကြောင့် "အာနာပါန သတိပဌာန်" ရှုမှတ် နည်း ကို ဆည်းပူးထားသမျှ တင်ပြပေးပါ့မယ်။
"အာနာပါ နဿတိ" ဟာ "ကာယာနုပဿနာ သတိပဌာန်" တစ်မျိုး ဖြစ်ပါတယ်။
"မဟာသတိပဌာနသုတ်"မှာ "ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ" ဆိုတဲ့ အာရုံ ၄ မျိုးအနက် " ကာယ"ကို အဖန်ဖန်ရှုမှတ်ခြင်း "ကာယနုပဿနာ" အကြောင်းတင်ပြပါမယ်။
မြတ်စွာဘုရားရှင်က.."ကာယနုပဿနာ" နှင့် ပတ်သက်ပြီး" အာရုံ ( ၁၄ ) မျိုး" ဟောထားတဲ့အနက်ထဲက ဓမ္မမိတ်ဆွေများအတွက် အာရုံ တစ်ခုဖြစ်တဲ့ "အာနာပါန" အကြောင်း ကို ဘဲ လောလော ဆယ် တင်ပြပါရစေ။
ပထမဆုံး "ဝင်လေ ထွက်လေ"ကို အာရုံယူ ရှုမှတ်ဖို့ ဟောပါတယ်။
လူတိုင်း အသက်ရှင်နေသမျှကာလပတ်လုံး အသက် "ရှုသွင်း၊ ရှုထုတ်"လုပ်နေကြတယ်။
မရှူတာနဲ့ သေမှာပါ။
ဒါပေမယ့် ဓမ္မမိတ်ဆွေတို့ ဟာ...
အဲဒီ "ဝင်လေထွက်လေ" အပေါ်မှာ သိနေအောင် သတိကပ်ပြီးနေ လေ့မရှိကြပါဘူး။
ဒီ "ဝင်လေ ထွက်လေ"ကို "အာနာပါန" လို့ ခေါ်ကြတာပါ။
တရားစခန်းတွေမှာ ပေးလေ့ရှိတဲ့ ကမ္မဌာန်းတရားပါ။
လေကို ရှူသွင်း ရှူထုတ် နေတာ အာရုံတစ်ခုပါဘဲ။ ဒီအာရုံကို သတိနဲ့ ကပ်ပြီး ဥာဏ်ကသိအောင် တွဲပြီး အလုပ်လုပ်ရင်း လေ့ကျင့်ရတာပါဘဲ။ ဒါကို.."အာနာပါန ပဗ္ဗ" လို့ ခေါ်ပါတယ်။
အသက်ရှူနေကြတဲ့ ဝင်လေ ထွက်လေရဲ့ နှာခေါင်းဝ အသားကို ..ထိ၊ ထိသွားတဲ့ အထိ ကလေးကိုလိုက်ပြီး သိ သိနေတဲ့ ထိ သိ "သတိ" ဆိုတဲ့ သိစိတ်ကိုထားပြီးတော့ ...
ဝါယောရုပ် လေက ၊
ကာယရုပ် အသား ကို တိုးထိသွားတာကို ပဲ မမေ့တဲ့သတိ နဲ့ သိ သိ မှတ် မှတ် ရှု ရှု နေရပါမယ်။
အဲဒါကို "အာနာပါန ဖုသန ကမ္မဋ္ဌာန်း"လို့ခေါ်ပါတယ်။
ဘုရားသာသနာတော် မှာ ဒီကမ္မဋ္ဌာန်းဟာ
"ရှုမှတ်ရတာ လည်း အလွယ်ဆုံး" အသက်ရှူနေတဲ့ လူတိုင်းနဲ့လည်း အသင့်လျော်ဆုံးပါဘဲ။
ဒါပေမယ့် ..ကိုယ်အသက်ရှူနေတာကို မသိမမှတ်တဲ့၊ သတိမထားတဲ့ သူတွေကသာ များနေကြတာပါ။
ဒါကြောင့် သိဒ္ဓိရှင် ဖြစ်ချင်ရင် တော့ အဲဒီအတိုင်း ရှုမှတ်ကြည့်ပါ၊ သမာဓိရှိ သလောက် တန်ခိုးသိဒ္ဓိတွေ တော့ ရလာမှာပါပဲ။
ရှုပုံရှုနည်းကို ဖတ်ရှုထားသလောက် ပြောရယင်...
အရင်ဆုံး နှလုံးသွင်းထားရမှာက...
၁။ ဝင်လေ ထွက်လေ ဝါယောရုပ်က နှာသီးဖျား ကာယရုပ်ကို လာထိတယ်၊ ငါ့ကို ထိတာမဟုတ်.....
"ငါမရှိ၊ ရုပ်ကို ထိတယ် "....အဲဒီလို သိမှတ်လိုက်ပါ၊ ဒီတော့ "အတ္တဒိဋ္ဌိ" ကို တိတိပပ ဖြတ်ချလိုက်တဲ့ သဘောပါ။
၂။ နာမ်ခေါ်တဲ့ အသိစိတ်ကလေးတွေက ထိတာကို သိ သိ သွားတယ်။ ငါသိတာ မဟုတ်၊ စိတ်နာမ်က သိသည်၊ ငါမရှိ၊ စိတ်နာမ်သာရှိတယ်...။
အဲဒီလို သိမှတ်ကြည့်ပါ။
၃။ဒီ ထွက်လေ ဝင်လေ ဟာ ရှူချင်တဲ့စိတ်ကြောင့်သာ ဖြစ်ပေါ် ဖြစ်ပေါ်လာတာပါ။ငါ့ကြောင့်ဖြစ်တာ မဟုတ်ပါဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ သိမှတ်ထားပါ၊ အကြောင်းစိတ် နဲ့ အကျိုးရုပ် ကို ပိုင်းခြားသိထားရပါမယ်။
၎။ အဲဒီ ထိတဲ့ရုပ်တွေဟာလည်း ထိထိပြီးတော့ ပျက်ပျက်သွားကြတာပါပဲ၊ ခိုင်မြဲမှု လုံးဝမရှိတဲ့ "အနိစ္စ"တရားတွေ ပဲလို့ သိမှတ်ပါ။
၅။ မခိုင်မြဲလို့ ပြန်ပြန် ရှူရှိုက် ရှူရှိုက်ပြီးတော့ ၊ ဒီကိုယ်ကောင်ကြီးကို ပြုပြင်ပေးနေရတဲ့ ကာယသင်္ခါရကလည်း ဒုက္ခဆင်းရဲ သက်သက်တွေပဲလို့ သိမှတ်ပါ။
၆။ အဲဒီ အနိစ္စ-မခိုင်မမြဲ ပျက်စီးနေတဲ့ တရားစုတွေကို နိစ္စ ဖြစ်အောင်၊ ဆင်းရဲဒုက္ခကို သုခချမ်းသာ ဖြစ်အောင်၊ လုပ်လို့မရနိုင်တဲ့ ငါစိုး ငါပိုင် မဟုတ်တဲ့ အတွက်ကြောင့် ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလုပ်တိုင်း လည်း မအောင်မြင်တဲ့ အတ္တ မဟုတ်တဲ့ အနတ္တ သဘောတရားတွေပါပဲလို့ ...
ဉာဏ်ထဲမှာ စွဲလာအောင် စိတ်ကိုလေ့လာ စေစားပေးရပါမယ်။လေ့ကျင့်ပေးရပါမယ်။
အခုလို့ ...
ထွက်လေ ဝင်လေ ရဲ့ ထိသိကိုမှတ်နေတဲ့ အသိစိတ်ဓာတ်ကို ထိ သိ ဆိုတဲ့ နေရာမှာတင် ရပ်မနေဘဲ...
"ထိတဲ့ရုပ်လည်းပျက်၊
သိတဲ့ စိတ်လည်းပျက်"
ထိသိပျက်တိုင်အောင် အသိစိတ်ကို "အနိစ္စလက္ခဏာ"သို့ ရောက်အောင် ပို့ဆောင်ပေးရပါမယ်။ အလေ့အကျင့်ပြုလုပ်ပေးရပါမယ်။
အဲဒီအတိုင်း ဖြစ်ပျက်ထဲမှာ အလေ့အကျင့် ရပါများလာတဲ့ အခါမှာ သိစိတ် အစဉ်ဟာ နှာသီးဖျား၊ နှာခေါင်းဝ ထိသိ အမှတ်ထဲက ထွက်ပြီးတော့ တခြား မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ တွေ့ ထိခိုက်၊ ကြံစည်ခိုက် တို့ ပေါ်လာရင်လည်း ခဏတိုင်း၌လည်း ဖြစ်ဖြစ်ချင်း၊ ချက်ချင်းပင် အပျက်သဘောထဲ သက်ရောက် အလိုလို သိမှတ်သွားတော့တာပါဘဲ၊ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတာ နဲ့ အသိ မလုပ်တော့ပါဘူး၊ " ရုပ်နာမ်ဖြစ်ပျက် နဲ့သာ အသိလုပ်နေပါတော့တယ် " ။
အဲဒီလို အလေ့အကျင့်တွေများများလာလို့ အကျင့်ပါသွားတာနဲ့ တပြိုင်နက် မိမိသိနေကျ လမ်းအတိုင်းသာ အသိ လုပ်သွားတဲ့အတွက်ကြောင့် တခြားအာရုံ လမ်းကြောင်းထဲသို့ စိတ်မပြောင်းတော့ဘဲ နဲ့ မိမိသွားနေကျ ကိလေသာအာရုံ ကာမဂုဏ်ထဲ ရောက်မသွားတော့ဘဲ အဲဒီမှာ ဘာဖြစ်မလဲဆိုတော့...
"မြင် သိ ပျက်၊ ကြား သိ ပျက်၊ နံ သိ ပျက်၊ စား သိ ပျက်၊ ထိ သိ ပျက်၊ ကြံစည်တွေးတော သိ ပျက် " ဆိုတာ နဲ့ ဘဲ ..
ခဏတိုင်း ၊ခဏတိုင်း သိ ပျက် နေတဲ့ "ဥဒယ ဝယ ခဏိက သမာဓိ"၊တနည်းဆိုသော်( အနိမိတ္တစေတောသမာဓိ )ထဲ ရောက် ရောက်ပြီး တည်ငြိမ်နေတော့ သတည်း လို့ သာ ပြောရတော့ မှာပါဘဲ။
အဲဒီ ထွက်လေ၊ ဝင်လေ "အာနာပါန" ထိ သိ ကို သတိထားရှုမှတ်တဲ့ အလေ့အထဟာ သတိရင့်ကျက်လာတဲ့အခါ မှာ အဲဒီလို ဥဒယ ဝယ ခဏိက သမာဓိထဲ ရောက်ရှိလေ့ရှိလို့ အလွန်ကောင်းတဲ့ အတိုင်းမသိ တန်ဖိုးရှိသော ကမ္မဋ္ဌာန်းလို့ ဆရာတော်တွေဟောခဲ့ပါတယ်။
ခု..ပြောပြခဲ့တဲ့ ဒီအလေ့အထဟာ လက်တွေ့အားဖြင့် လောဘ ဒေါသတို့ မလာနိုင် မလိုက်နိုင်တဲ့ အကျင့်မြတ် ပါပဲ။
ရှေးသူတော်ကောင်း တို့လုပ်ငန်း လမ်းဟောင်းလမ်းမှန် အကျင့်မြတ်ပေါ်သို့ တက်ရောက် လျှောက်သွား ရှုမှတ်နေတဲ့အတွက်ကြောင့် တွေဝေ ငေးမောကာ အမှားထဲမှာ မေ့မြောနေတတ်တဲ့ မောဟ နဲ့  ကင်းဝေးပြီး ဝိဇ္ဇာဉာဏ်ဘက်သို့ သက်ရောက်ကူးဝင်လာသော အကျင့်လည်း ဖြစ်တယ် လို့  ဆိုပါတယ်။
အဲဒီ ထွက်လေ ဝင်လေ "ထိသိ သတိ" ကိုပဲ မမေ့မလျောတဲ့ သမ္မာသတိမဂ္ဂင် အားကောင်းကောင်းနဲ့ ရှုမှတ် ပွားများနေတဲ့ ဓမ္မမိတ်ဆွေကတော့ လေ့လာလုပ်ယူမှု "သတိ" အပိုင်းက လွန်မြောက်ပြီးတော့ သမာဓိ ရင့်ကျက်ကာ အာရုံပေါ်ပေါ်လာတိုင်း သတိ နဲ့ "ကပ်ခနဲ ကပ်ခနဲ" ချက်ချင်းပဲ "သိပျက် သိပျက်" နေတဲ့ “ဥပဋ္ဌာနသတိ” က ဉာဏ်နဲ့တွဲပြီး မဂ်ဖိုလ် နိဗ္ဗာန်အထိ လောကုတ္တရာ အကျိုးတရားတွေကို ခံစားရအောင် ပို့ဆောင်ပေးပါလိမ့်မယ်။
အဲဒီ အကျိုးကျေးဇူးတရားတွေကို ခံစားချင်ရင်တော့..ကိုယ်တိုင် အားထုတ်ကြည့်ပါ၊ ကိုယ်လုပ်သလောက်၊ ကိုယ်နဲ့ ထိုက်တန်မဲ့ လုပ်ခ ရမှာကတော့ အမှန်ပါပဲ။
ဒါကြောင့် ဝိပဿနာ ဆိုတာ ဘာမှန်းမသိကြသူတို့ အတွက်.. အမှန်ကန်ဆုံးအဖြေပေးရယင်တော့.."ဝိပဿနာ" ဆိုတာ "ကိုယ်တိုင်လုပ်ကြည့်မှ သိလာမှာပါ "ဆိုတဲ့ စကားချပ် နဲ့ ဘဲ ပူဇော်လိုက်ပါရစေ။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။
ကိုးကား (အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ -ဖျာပုံတိုက်သစ်)၊
လေးအိမ်စု အရှင်ဝိစိတ္တသာရ ရဲ့ တရားတော်များ နှင့် အရှင်ဓမ္မသာရ ဓမ္မဒါန မှ ကောက်နှုတ်ပါသည်။
" ဝဋ် "
•••••••••
ဓမ္မမိတ်ဆွေတို့ အတွက် ရှင်းလင်းဖေါ်ပြခဲ့တဲ့ ပဋိစ္စသမုပ္ပဒ် ရှင်းတမ်း ဆိုတဲ့ အရင် စာစုမှာ အဓိက လိုရင်းကိုသာ ဖေါ်ပြရေးသားခဲ့ရတဲ့အတွက်ကြောင့် တချို့ နေရာနေတွေမှာ ပဋိစ္စသမုပ္ပဒ် ရဲ့ အင်္ဂါရပ်တွေ ကို တိတိကျကျ မရေးသားဘဲ သဘောလောက်သာတင်ပြခဲ့တာရှိခဲ့ပါတယ်။
ပဋိစ္စသမုပ္ပဒ် ဒေသနာတော်ဟာ ခက်ခဲနက်နဲလှတဲ့အတွက် တစ်စုတစ်စည်းထဲ တင်ပြဖို့ အတွက် ဒီဖေ့စဘုတ် အင်တာနက်စာမျက်နှာမှာ အခက်ခဲဖြစ်စေပါတယ်။
ဒါကြောင့် ဖေါ်ပြဖို့  ကျန်ရှိခဲ့တဲ့ " ဝဋ် " အကြောင်းကို မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ သစ္စာအနက် ၁၆-ချက် တရားတော်တွေထဲ က ကောက်နှုတ်ပြီး ဖေါ်ပြကုသိုလ်ပြုလိုက်ပါတယ်။
" ဝဋ် " နဲ့ ပတ်သက်ပြီး ဓမ္မမိတ်ဆွေ တို့  ပြောလေ့ရှိတာက၊ သိထားလေ့ရှိတာက...
ဝဋ်လည်တတ်တယ်၊ ဝဋ်လည်လိမ့်မယ် စတဲ့ စကားရပ်ပါဘဲ။ တကယ်တော့ ပဋိစ္စသမုပ္ပဒ် ကို သိလို့ ဖြစ်စေ၊ မသိလို့ ဘဲ ဖြစ်စေ ပြောကြဆိုကြတာ လည်း ဖြစ်ပါတယ်၊ ဘယ်လိုအသိ နဲ့ဘဲ နားလည်နားလည် "ဝဋ်" ဆိုတာ လည်တတ်တယ် ဆိုတဲ့ သဘောကို သိထားကြတော့..ဝမ်းသာစရာပါ။ ဘာလို့ လဲ ဆိုတော့ "ဝဋ်လည်တယ်" ဆိုတဲ့ တရားကိုက..ပဋိစ္စသမုပ္ပဒ် ဖြစ်နေလို့ ပါဘဲ။
တစ်ခုသတိထားရမှာက.. ဓမ္မမိတ်ဆွေ တို့ ကောင်းတဲ့ကုသိုလ်တွေဘဲပြုပြု၊ မကောင်းတဲ့ အကုသိုလ် တွေကိုဘဲ လုပ်လုပ်၊ အကြောင်းသင့်တဲ့ တချိန်မှာ ဒီ ကုသိုလ်၊အကုသိုလ်တွေ ရဲ့အကျိုးကိုတော့ စံစား၊ ခံစားရမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့ဝဋ် စံစားစံစား၊မကောင်းတဲ့ဝဋ် ကို ဘဲ ခံစားခံစား၊ အဲဒီလို အချိန်ခါမျိုးမှာ အကြောင်းကြောင့်မို့ ၊ ခုလို အကျိုးဖြစ်တာ ဆိုတဲ့ အသိကလေး ရှိနေရင် ဓမ္မမိတ်ဆွေ တို့ အဖို့  သံသရာက လွတ်မြောက်ဖို့ လမ်းကြောင်းပေါ်လျှောက်ဖို့ အတွက် လမ်းပေါ်ကို စရောက်နေပါပြီလို့ ဆိုလိုက် ပါရစေ။
တကယ်တော့..ဓမ္မမိတ်ဆွေတို့ အခု လက်ရှိ ပစ္စုပ္ပန်ဘဝ မှာ လူလာဖြစ်နေတာကို က " ဝဋ် " ခံနေရပါလား၊ ဝဋ်ကောင် ကြီးတွေ ဖြစ်နေပါလားဆိုတဲ့ အသိ ကို သိထားဖို့ လိုပါလိမ့်မယ်။
ဒီအသိကို မေ့လျောနေတဲ့အတွက် ဓမ္မမိတ်ဆွေတို့ အခုရောက်ရှိနေတဲ့ " ဝဋ် " နဲ့ ပါတ်သက်ပြီး တင်ပြဖို့ ခုလို နိဒါန်းပျိုးရေးရခြင်းဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေတို့ ဟာ ဘယ် ဝဋ်ကာလ ထဲမှာ ရောက်နေသလဲ ဆိုရင်...
ပဋိစ္စသမုပ္ပဒ် မှာ ဝဋ်( ၃ ) ပါးရှိတဲ့အနက်
" ဝိပါကဝဋ် " ထဲ ကို ရောက်ရှိနေတဲ့ ကာလဘဲ ဖြစ်ပါတယ်။
" ဝဋ် " အကြောင်း စပြီးရှင်းပြရရင်..
"ဝဋ္ဋ" ဆိုတဲ့ သဒ္ဒါဟာ စက်ဘီးတွေ ချာချာလည်သလို "လည်ပတ်ခြင်း" ဆိုတဲ့ အနက် ကိုပြောတာပါ။ ဒါ့ကြောင့် "အကြောင်းပြီးလျှင် အကျိုး ၊ အကျိုးပြီးလျှင်အ
ကြောင်း " ဟု အကြောင်းအကျိုး မပြတ်ဘဲ ဆက်ကာဆက်ကာ လည်ပတ်နေတဲ့ "ပဋိစ္စသမုပ္ပါဒ်"တရားကို "ဝဋ္ဋ=ဝဋ်" ဟုခေါ်၏..တဲ့။
ပဋိစ္စသမုပ္ပဒ် ဒေသနာတော်အရ ဝဋ်( ၃ ) ပါးရှိပါတယ်။
( ၁ )ကိလေသဝဋ်
အဝိဇ္ဇာ၊ တဏှာ နှင့် ဥပါဒါန်
( ၂ )ကမ္မဝဋ်
သင်္ခါရ နှင့် ကမ္မဘဝ
( ၃ )
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတ၊ ဖဿ၊ ဝေဒနာ၊ ဇာတိ ဥပပတ္တိဘဝ၊ ဇရာမရဏ
တို့ဖြစ်ပါတယ်။
"ကိလေသဝဋ်" ရှိလျင် "ကမ္မဝဋ်" မုချ ဖြစ်ပါတယ်။ " ကမ္မဝဋ် "ရှိ လျှင် "ဝိပါကဝဋ် "အမြဲဖြစ်ပါတယ်။ " ဝိပါကဝဋ် " ဝေဒနာ ရှိရင် တဏှာ စသော " ကိလေသဝဋ် " ဖြစ်ပြန်ပါတယ်။အဲဒီလို အကြောင်းအကျိုး ဆက်စပ်လျက် ပတ်ချာ လည်နေသောတရားတို့ကို"ဝဋ်" လို့ ခေါ်ရတာပါ။
လေးပါးသစ္စာရှိတဲ့အနက်...
ဒီ " ဝဋ်( ၃ )ပါး " က ကျွတ်လွတ်ရာဌာနကို နိရောဓသစ္စာ(နိဗ္ဗာန်)လို့ ခေါ်ပါတယ်။
နိရောဓသစ္စာ အနက် ( ၄ ) ချက်ရှိပါတယ်။
၁။ နိဿရဏဌော = ဒုက္ခလက်မှ ထွက်မြောက် လွတ်လပ်ခြင်း သဘော။
၂။ ပဝိဝေကဌော = နှောင့်ယှက်ခြင်းတို့မှ လွတ်ကင်းသော သဘော။
၃။ အသင်္ခတဌော = အဖန်ဖန်ပြုပြင်ခြင်းမှ လွတ်ကင်းခြင်း သဘော။
၎။ အမတဌော = အဖန်ဖန်သေခြင်းမှ လွတ်ကင်းသော သဘော တို့ ဖြစ်ပါတယ်။ ။
ဒုက္ခလက်မှ ထွက်မြောက် လွတ်လပ်ခြင်း သဘော ဖြစ်တဲ့ "နိဿရဏဋ္ဌော" ဆိုတာ "ဝဋ် သုံးပါး " ကျွတ်လွတ်တဲ့ အနက်သဘောပါပဲ။
ဒါ့ကြောင့် ခုနပြောသလို ..
ဒီ " ဝဋ်( ၃ )ပါး " က ကျွတ်လွတ်ရာဌာနကို နိရောဓသစ္စာ(နိဗ္ဗာန်)လို့ ခေါ်ပါတယ်။ ဝဋ် လည်တာသိ မှ ဝဋ်ကျွတ်ချင် မှာ ဖြစ်တဲ့အတွက်ကြောင့် ဝဋ်လည်နေတာ ကို ရှေးဦးစွာဖေါ်ပြပါရစေ။
မိုးကုတ် ဆရာတော်ဘုရားကြီး ဟောတာက..
"အဝိဇ္ဇာ နဲ့ တဏှာ " ကို "ကိလေသဝဋ်" လို့ ခေါ်ပါတယ်။
"ကုသိုလ်ကံ နဲ့ အကုသိုလ်ကံ"ကို တော့ "ကမ္မဝဋ်"လို့ခေါ်ပါတယ်။
" ဝိပါကဝဋ်"ဆိုတာကတော့ "ရုပ်နာမ်ခန္ဓာ"လို့ သာမှတ်ထားလိုက်ပါ..တဲ့။
"ကိလေသဝဋ်" ကြောင့် "ကမ္မဝဋ် " ဖြစ်တယ်။ "ကမ္မဝဋ်" ကြောင့် " ဝိပါကဝဋ်" ဖြစ်တယ်။
(၁) ကိလေသဝဋ်က (၂) ကမ္မ၀ဋ်ဖြစ်။ (၂) ကမ္မဝဋ်က (၃) ဝိပါကဝဋ် ဖြစ်တယ်။
အထက်ကပြောခဲ့သလို ဓမ္မမိတ်ဆွေတို့က "ဝိပါကဝဋ် "ထဲမှာ ရောက်နေပါတယ်။ တဖန် အခုရောက်နေတဲ့ "ဝိပါကဝဋ်"ထဲကနေပြီး "ကိလေသဝဋ်" ကို ပြန်သွားဦးမယ်ဆိုရင် "ကမ္မဝဋ် "လာတော့မှာပါပဲ။
"ကမ္မဝဋ်" ဖြစ်ရင် နောက်ဘဝဆိုတဲ့ " ဝိပါကဝဋ်" ထဲ ရောက်ဦးမှာပါပဲ။
ဒီတော့ သြော် ......
"ဝဋ် "ဆိုတာ ဒီလိုလည်တာကို ဆိုလိုတာ။
ဥပမာ..
မွေးလာလို့ .. ခြေမပါ လက်မပါတာကို ဆိုလိုတာမဟုတ်ပါဘူး။
အခု မိမိတို့ ဟာ " ဝိပါကဝဋ် "ထဲ ရောက်နေပါလားလို့ သိထားရပါမယ်။ ပြန်စဉ်းစားကြည့်ရင် မိမိတို့ ၊ဓမ္မမိတ်ဆွေတို့ လူဖြစ်နေတာဟာ ကံကောင်းလို့ လူဖြစ်နေတာ မဟုတ်ပါဘူး။ ဒါ " ဝဋ် "သင့်နေတာပါ။ အခုနေရတဲ့ ရုပ်နာမ်ခန္ဓာဟာ သစ္စာနဲ့ ဖွဲ့ကြည့်တော့ ဒုက္ခသစ္စာ ပါ ပဲ။ ဒီတော့ ဒုက္ခဝဋ် မကျွတ်သေးဘူး လို့ ဆိုလိုတာပါ။ နောက်က "ကိလေသဝဋ် " "ကမ္မဝဋ်" တို့က ပြုပြင်စီမံလိုက်တဲ့ ဒီရုပ်နာမ်ခန္ဓာကြီးထဲမှာ အို-နာ-သေတွေ ပါနေတယ်။ ပါနေတော့ "ဒုက္ခသစ္စာ"လည်း ဟုတ်တယ်။ အသုဘကောင်ကြီးလည်းဟုတ်တယ်။ ဒီတော့ ဒီ “အို-နာ-သေ ရုပ်နာမ်ခန္ဓာကြီး၊ အသုဘခန္ဓာကြီးကို မိမိတို့ မှာ ဘယ်သွားသွား ထမ်းသွားနေရတော့ ဒါ ဝဋ် ကြီးလိုက်နေတာ။ ဒီ ရုပ်နာမ်ခန္ဓာဝန်ကြီးကို ထမ်းထမ်းသွားနေရတော့ ဝန်ထမ်းသမားသက်သက်ပါပဲ။ ဒီဝန်ကြီးကို မချနိုင်သေးဘူး။ ဒီခန္ဓာကြီးကို အခုလဲ ထမ်းကောင်းတုန်းပဲ။ နောင်လဲ တောင်ဝှေးထောက်ပြီး ထမ်းရဦးမှာပဲ။ နောက် ....လေးဘက်ထောက်သွားပြီးတော့လဲ ထမ်းရဦးမှာပဲ။ ဒီလို အိုတတ် နာတတ် သေတတ်တဲ့ ခန္ဓာကြီးကို သွားလေရာထမ်းသွားနေရာတာဟာ အရိယာမျက်လုံး၊ သမ္မာဒိဋ္ဌိမျက်လုံးနဲ့ကြည့်ရင် "ဝဋ်ကောင်ကြီး" အစစ်ပဲဆိုတာ မြင်ရတာပါပဲ။
"ခွေးနာ လည်ပတ်ကြီး” မြင်မှ “ဝဋ်ခွေးကြီး”လို့ထင်တယ်။ ခြေမပါ၊ လက်မပါ၊ မျက်စိတစ်ဖက်မပါ နူနာကျိုးကန်းတွေမြင်မှ ဝဋ်ကောင် လို့ထင်နေတယ်။ မိမိတို့လည်း ဝဋ်ကောင် ပါပဲ။ ဝဋ်ကောင်မှ ဝဋ်ကောင်အစစ်။ အခု " ဝိပါကဝဋ် "ထဲရောက်နေတော့ မိမိတို့ ခန္ဓာကြီး ဟာ ၉၆-ပါး ရောဂါဝေဒနာတွေ လာပြန်ရင်လဲ ဒီခန္ဓာကြီးက အကုန်လက်ခံရတယ်။ ဒီ ခန္ဓာကြီးထဲမှာ ဘယ်တော့မှ အနာရောဂါ နဲ့  မကင်းဘူး။ ထမင်းဆာတဲ့...ရောဂါ၊ ရေဆာတဲ့...ရောဂါ၊ ကျင်ကြီး ကျင်ငယ်စွန့်ရတဲ့...ရောဂါ၊ အအေးဒဏ်အပူဒဏ်ခံရတဲ့....ရောဂါ စတဲ့ အနာရောဂါတွေဟာ ခန္ဓာကိုယ်ထဲမှာ တစ်ပုံကြီးရှိနေပါတယ်.. လို့  ဆရာတော်ကြီးက ဟောတော်မူပါတယ်။
ဒီတော့ " ဝိပါကဝဋ် " ထဲရောက်နေတော့ ဘယ်တော့ ကျွတ်မှာတုံးဆိုတော့....ဒီ "အဝိဇ္ဇာ ၊တဏှာ"ဆိုတဲ့ " ကိလေသဝဋ်" ကို ဖြတ်နိုင်တဲ့ " မဂ်ဉာဏ်ဖိုလ်ဉာဏ် " မရနိုင်သေးသရွေ့ ဒီ ဝဋ်က ဘယ်တော့မှ မကျွတ်ပါဘူး။ " ကိလေသဝဋ် " မချုပ်သေးသရွေ့ " ကမ္မဝဋ်"ဆက်ဖြစ်နေမှာပါပဲ။ " ကမ္မဝဋ် "မပြတ်သရွေ့ " ဝိပါကဝဋ်" ကတော့ဆက်ဖြစ်နေမှာပါပဲ။ ဒီတော့ ဓမ္မမိတ်ဆွေတို့မှာ ကံ ရဲ့ စီမံသလိုခံရတော့ ရောဂါမျိုးစုံပေါက်လာပြီး “ကံနာဝဋ်နာ” သင့်နေတာပါပဲ။
ကိလေသာ ရဲ့ စီမံသလိုလဲ ခံနေရတယ်။
" အဝိဇ္ဇာ ၊ တဏှာ " ဆိုတဲ့ ကိလေသာ က ခိုင်းလိုက် စီမံလိုက် ပြန်ရင်လဲ၊ ဒီရုပ်နာမ်ခန္ဓာကြီး ဟာ မသွားမလာ ပဲ နေလို့မရဘူး။ မငြင်းဆန်ရဲဘူး။ "ကိလေသာ" စေခိုင်းရာလုပ်ရတယ်။
လုပ်ရတော့ သူဟာ“ကျွန်ဝဋ်ကောင်”ပါပဲ။ ဒီ "ဝဋ်သုံးပါး " တစ်ပါးပါးက စီမံလိုက်တော့ ခံရတာပါပဲ။ ဒါတော့ "ကျွန်ဝဋ်ကောင်" ပေါ့။ " ဝဋ် "ကျွတ်ကြောင်းတရားက
မရသေးတော့ " ဝဋ် " မကျွတ်သေးဘူးပေါ့။
ဒီတော့ "ကိလေသဝဋ် " မချုပ်သရွေ့၊ "ကမ္မဝဋ် " မချုပ်သရွေ့ ၊ "ဝိပါကဝဋ်(အကျိုးပေးဝဋ်) " တော့ ခံရမှာပဲ။ ဒါဖြင့်
" ကိလေသဝဋ်" ဖြတ်မှပဲ။ ဒါဖြတ်မှ " ကမ္မဝဋ်" ပြတ်ပါလိမ့်မယ်။ "ကမ္မဝဋ်" ပြတ်မှ ဒီ " ဝိပါကဝဋ် " က ကျွတ်မှာပါ။ အခု
" ဝိပါကဝဋ် "ထဲရောက်နေတုန်းမှာ ဒီ "ကိလေသဝဋ် " ပြန်ပေါက်ရင် နောက် ဒီ " ဝိပါက၀ဋ် " ကြီးမျိုး ပြန်ရဦးမှာပဲ။
"အဝိဇ္ဇာ၊ တဏှာ"ဆိုတဲ့ "ကိလေသဝဋ်" တွေ ပေါက်ပွားနေတော့၊ ဒီ "အဝိဇ္ဇာ တဏှာ " ခိုင်းသမျှ လုပ်နေကြရတယ်။
ဥပမာ..
သူများတွေ ကိုကြည့်။ သူများတွေ တိုက်နဲ့ကားနဲ့ နေရတယ်။ မိမိ အဖြစ်တွေက ညံ့သေးတယ် လို့ မိစ္ဆာဉာဏ် အဝိဇ္ဇာ က အသိပေးလိုက်တော့ သူတို့လို ကြီးပွားချင်တဲ့
"တဏှာ"က ကပ်ပါလာပါတယ်။ ဒီ "အဝိဇ္ဇာ၊တဏှာ" က "ကိလေသဝဋ်" ပေါက်ပွားတော့ ကာယကံ ဝစီကံ မနောကံ နဲ့ ကြိုးစားလိုက်ရင် ဒါ "ကမ္မဝဋ် "ဆိုတာ လာပြီပေါ့။ "ကမ္မဝဋ်" ဖြစ်တော့ ဒီမှာ စုတိမနေ၊ သေလွန်ရင် "ဝိပါကဝဋ် "ဆိုတဲ့ ခုလို ရုပ်နာမ်ခန္ဓာကြီး ပေါ်လာပါလိမ့်မယ်။
" ကိလေသဝဋ် " ပေါက်ပွားလို့ "ကမ္မဝဋ် "လုပ်ဖြစ်တယ်။ " ကမ္မဝဋ် "လုပ်ဖြစ်တော့ နောင်ဘဝ ဆိုတဲ့ " ဝိပါကဝဋ် " လာရမှာပဲ။ နောင်ဘဝ " ဝိပါကဝဋ် "လာရင် ဒီအထဲက " ကိလေသဝဋ် " ပေါက်ပွားဦးမှာပါပဲ။ ဒီတော့ .. ဓမ္မမိတ်ဆွေတို့မှာ ထွက်ပေါက်ကိုမရှိပါဘူး။ အဝိုင်းပြေးပဲ ပြေးနေရတယ်။ တသံသရာ လုံး ဒီအဝိုင်းပြေး ပြေးနေရပါတယ်။ အဲဒီလို အဝိုင်းပြေး ပြေးနေတော့ နားခွင့်လမရကြပါဘူး၊ တပြေးထဲ ပြေးနေတာပါပဲ။
ကရွတ် ကင်းလျှောက်သလို၊ တစ်ပတ်ပြီးတစ်ပတ်၊ အပတ်ပေါင်း မရေမတွက်နိုင်အောင် ပြေးနေရတယ်။ ဘယ်တော့ဆုံးမှာလည်း မဟုတ်ပါဘူး။ မဆုံးပါဘူး။ ဒါ တသံသရာလုံး နေခဲ့ရတာ။ ဘုရားတောင် အစ ရှာမတွေ့ဘူး။ ဒီလို ဝိုင်းနေ-လည်နေ (ပတ်ပြေးနေ)တာ လူတစ်ယောက် ရဲ့ အစရှာမတွေ့နိုင်ပါဘူး။ ဝိုင်းနေတာတော့ ကြက်ဥလိုပါပဲ အစရှာမတွေ့ဘူး။ အဲဒီ အဝိုင်းဇာတ် ကို အခုလို အသိတရားရှိတဲ့ အချိန်မှာ သတ်ရင်သတ်၊ မသတ်ရင် နောက် ဒီအဝိုင်း ဇာတ်သိမ်းဖို့ မမြင်တော့ဘူး။ နောက် အခုလို အခွင့်ရေးရဖို့ လည်း လမ်းမမြင်ပါဘူး။
ဒီတော့... ဓမ္မမိတ်ဆွေတို့ ..
" ဝဋ်သုံးပါး "ကို ကိုယ်တိုင်လည်တတ်ပြီ လို ထက်ပါတယ်။ ဝဋ်လည်တယ် ဆိုတာ သဘောပေါက်ပြီလို့ အောက်မေ့ပါတယ်။
ဆရာတော်ကြီးက ဘယ်လို ဟောသလဲ ဆိုတော့...
"ဦးခေါင်းပြောင်းချင်တဲ့ သဘောပေါ့" ....တဲ့။
ဇာတ်တော်ထဲ မှာပါတဲ့ ဥပရိမိဖုရားကြီးဟာ သေတော့ နောက်ချေးပိုး သွားဖြစ်တယ်။ နောက်ချေးပိုး ဘဝ ကနေပြီး ကိုယ့်ဟာကိုယ် စဉ်းစားစမ်း၊ တခါထဲ ကျောက်ခဲရေထဲချလိုက်သလို မြှုပ်သွားတာပဲ။ ပြီးတော့ ရှေးတုံးက..အမေတစ်ယောက်ဟာ သားကလေးခင်ပြီး သေသွားတာနဲ့ တောထဲမှာ ခွေးကြီးသွားဖြစ်တယ်။ လူ့ခေါင်းက ခွေးခေါင်းပြောင်းသွားတယ်။
သားကလေးခင်တဲ့ "ကိလေသဝဋ် " ကြောင့် စိုးရိမ်ကြောင့်ကြတဲ့ " ကမ္မဝဋ် " လုပ်လိုက်တော့ " ကမ္မဝဋ် "ရဲ့တန်ခိုးသတ္တိကြောင့် စုတေစိတ်ကျပြီး ခွေးကြီးသွားဖြစ်ရတယ်။
ဘုရားလက်ထက်က ဦးတိဿကြီးဟာ ဇေတဝန်ကျောင်းမှာ သူ့သင်္ကန်းကိုစွဲတဲ့ " ကိလေသဝဋ်" ကြောင့် သူ့သင်္ကန်းမှာ သန်းကြီး သွားဖြစ်တယ်။ ရဟန်းခေါင်းက သန်းခေါင်း သွားဖြစ်တယ်။ မိမိတို့ ၊ ဓမ္မမိတ်ဆွေတို့ ခေါင်းပေါ်ကသန်းတွေ ဟာဘယ်ကလာတယ်သတုံး.. ဆိုတော့
မိမိတို့ အပေါ်သံယောဇဉ်ဖြစ်ကြတဲ့ ဖိုးအေဖွားအေ၊ အမေအဖေတွေက လာတာပါ။ ဓာတ်သဘာဝ ချည်း တွေ ပဲလို့ ထင်မနေကြပါနဲ့ ...တဲ့။ ဒါကို မသိတော့ သန်းဥတွေကို တုပ်ရတာ နဲ့ သန်း ရှာလွင့်ပစ်ရတာနဲ့၊ အဖိုးအဖွား အမေအဖေကို ဖျက်ဆီးကြတယ်။ မိမိတို့ ၊ ဓမ္မမိတ်ဆွေတို့လည်း ဒီအတိုင်းပါပဲ...တဲ့။
"အဝိဇ္ဇာ နဲ့ တဏှာ" ချုပ်အောင်မလုပ်နိုင်ရင် ဒီလိုခင်တွယ်တဲ့ သားသမီးခေါင်းပေါ်သွားပြီး ပျော်ရဦးမှာပါပဲ။ ဒီတော့ ဝဋ်ကျွတ်အောင်လုပ်ရင်လုပ်။ မလုပ်ရင် ခေါင်းပြောင်းရမှာတော့ သေချာပြီ လို့ ဆုံးမတော်မူပါတယ်။
"သုတ္တနိပါတ်"ထဲမှာ ..
လူတစ်ယောက်ဟာ သူ့မိန်းမကို စွဲလမ်းသေသွားတာနဲ့ သူ့မိန်းမအိမ်မှာ ခွေးသွားဖြစ်တယ်။ သူ့မိန်းမကို ခင်လို့ ခွေးသွားဖြစ်တာ။
ခွေးက သံယောဇဉ်ရှိလို့ သူသွားတိုင်း နောက်ကလိုက်နေတော့ သူ့မှာ ခွေးမုဆိုးမ လို့ အခေါ်ခံရတဲ့အတွက် သူက ခွေးကို တိတ်တဆိတ်သတ်ပစ်လိုက်တယ်။ အဲဒီတော့ သိပ်ပြီးကြွားမနေနဲ့။ ဝဋ်ကျွတ်မှ ကြွားပါ။ အခုကြွားနေတာကတော့ ခဏလေးပဲ။ ခေါင်းမပြောင်းခင်ပါ။ တော်တော်ကြာ ဂျိုကြီးကားယားနဲ့ လာချင်လာမှာ။ အစွယ်ငေါငေါနဲ့ လာချင်လာမှာ။ ဝဋ်မကျွတ်သရွေ့ စိတ်ချ လက်ချနေတဲ့ပုဂ္ဂိုလ် ဟာ လောဘနဲ့ရူး၊ ဒေါသနဲ့ရူး၊ မောဟနဲ့ရူးတဲ့ လူပဲဖြစ်ပါတယ်။ ဒီအရူးသုံးပါး တစ်ပါးပါး နဲ့ ဖြစ်လို့သာ၊ မိမိတို့ မှာ ဝဋ်မကျွတ် ချင်တာပါပဲ။
အကျဉ်းချုပ်ရရင်တော့..
ဓမ္မမိတ်ဆွေတို့ဟာ လောကအနေ နဲ့ လူကြီးလူကောင်းတွေပါပဲ။ ဒါပေမယ့် သစ္စာအနေနဲ့ပြောရရင် "အဝိဇ္ဇာတဏှာ"ချုပ်အောင် မလုပ်သရွေ့ ဥမ္မတ္တက( အရူး) ပဲဖြစ်ပါတယ်။
ခေါင်းပြောင်းတာ သူ့အလုပ်ပါပဲ။ ခေါင်းပြောင်းပြီးခွေးကြီးဖြစ်တော့ ကိုယ့်သားသမီးအရင်းရဲ့ အရိုက်ခံရမှာပဲ။ သူ့အမေ ခွေးဖြစ်မှန်းမသိလို့ ရိုက်တာ။ခွေးဖြစ်အောင်လုပ်တဲ့လူဟာ အရိုက်ခံရ တာနည်းပါသေးတယ်။ သားသမီးတွေ နဲ့ ပါတ်သက်ပြီး ခွေးဖြစ်ရတဲ့ ဝတ္ထုပေါင်း အတော်များပါပြီ။"အရူး"မပျောက်သရွေ့ အဝိုင်းပြေးရုံပါပဲ။ ခေါင်းပြောင်းရုံးပါပဲ။
ဒီတော့ မိမိတို့ ၊ ဓမ္မမိတ်ဆွေတို့ ဟာ အရူး ဗုံတီးမြှောက်တဲ့အလုပ်တွေ မလုပ်ကြတော့ဖို့ လိုပါတယ်။
"ကိုယ့်အရူး" ပျောက်အောင် ကိုယ်လုပ်ကြရမှာဖြစ်ပါတယ်။ အရူးပျောက်ဖို့ရာ "အဝိဇ္ဇာနဲ့တဏှာ"ဆိုတဲ့ “ကိလေသာ အရူး”ကို "မဂ်ဓား" နဲ့ ဖြတ်ကြပေတော့..လို့ ဟောကြားတော်မူခဲ့တဲ့ ..
" ဝဋ်( ၃ )ပါး " ဖြတ်ပုံ တရားတော် ကို တင်ပြရင်း မျှဝေကုသိုလ်ပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသော
===========================
မေးခွန်းများကို တိကျသောဖြေရှင်းချက်...
==========================
ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့မေးခွန်းတွေမေးလာခဲ့
ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဒီပိုစ့်ကိုထပ်ဆင့်မျှဝေပေးလိုက်သည်..။။ အမေး ၊ အဖြေ (၁၂) ချက်ပါဝင်သည်။
****************************
(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။
ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား
ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့
ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။
အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။
သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။
သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။)
(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ
မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။
ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။

ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။
လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။
ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။
ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ
ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။
ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။
ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။
ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့
တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့်
လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။
ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။
ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။
(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ
ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။
အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။
ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။
ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။
ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့
ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။
ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။
ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။
အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။
အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။