Friday, January 6, 2017

"ဝိပဿနာ" ဆိုတာ ဘာမှန်းမသိကြသူများအတွက်
••••••••••••••••••••••••••••••••
မျက်မှောက် ဝိပဿနာ အားထုတ်ကြသူတို့အနက် ဟို ရှေးအယင် အနှစ် သုံးလေးဆယ် ကာလတွေထက် အဆပေါင်းများစွာ ပိုမို များပြားအားထုတ်လာကြတာကိုတော့ သတိထားမိကြမှာပါ။ယခု မျက်မှောက်ကာလမှာတော့ ဝိပဿနာ ကျင့်ကြံအားထုတ်သူတွေဟာ အသက်ကြီးရွယ်အိုတွေတင်မကဘဲ၊ အရွယ်လတ် ၊ အရွယ်ငယ် နဲ့  ကလေးတွေ ပါမကျန် ယောက်ကျားမိန်းမ လူတန်းစား အလွှာမရွေး ၊ အားထုတ်လာတာ မြင်ကြရတဲ့အပြင် အခြားနိုင်ငံရပ်ခြားက လူမျိုးခြားတွေကပါ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရိပ်သာတွေ ဝင်ရောက်ပြီး ဝိပဿနာ အားထုတ်ကြသူတွေ တစ်နေ့တခြား ပိုမိုမြားပြားလာတဲ့အတွက် သာသနာတရပ်အနေနဲ့ အခုမျက်မှောက်ခေတ်ကာလကို " ဝိပဿနာခေတ်" လို့ တောင် ခေါ်ဆိုလို့ ရပါတယ် လို့ ရှေးဦးစွာ ပြောကြားလိုပါတယ်။
"ဝိပဿနာ"ဆိုတာ…ဘာမှန်းမသိကြသူတွေ အတွက် ရေးသားဖေါ်ပြတဲ့နေရာမှာ ဝိပဿနာ ရဲ့ အဓိပ္ပါယ် သာမက ဘဲ ဝိပဿနာအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပါ ရေးသားဖေါ်ပြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ သိရှိနားလည်စေချင်တဲ့အတွက်ကြောင့် အတိုချုံး ပြီးတတ်နိုင်သမျှ ရေးသားပေမယ့် လည်း စာအနည်းငယ် ရှည်ချင်ရှည်သွားပါလိမ့်မယ်။ အကယ်၍ ရှည်လျားသွားပါက အတိုချုံး ပြီး ရေးသားလို့ ၊ ချန်လှပ်လို့ မရနိုင်တဲ့ အကြောင်းတွေ အတွက်ကြောင့်လို့ သာ နားလည်ပေးကြပါ။
ဆရာတော် သံဃာတော်တွေက တော့ ဝိပဿနာ ကို အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ နားလည်လွယ်ကူစေဖို့  စေတနာ နဲ့  ဆရာတော် သံဃာတော် တို့ က ဘယ်လိုဘဲ အဓိပ္ပါယ်ဖွင့်ဆိုဖွင့်ဆို နောက်ဆုံးမှာ လိုရင်းဆီကို ရှေးရှုလျက်သာရှိတဲ့အတွက်ကြောင့် အားလုံးဟာ အမှန်ပါဘဲ ဆိုတာ ဦးစွာပြောပါရစေ။
ဥပမာ...
"ပညတ်"ကို ခွာပြီး "ပရမတ်"တွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို သိအောင်လုပ်တာ..ဝိပဿနာ၊
( ဒီနေရာမှာ "ပညတ်" "ပရမတ်" ကို နားမလည်တဲ့ ဓမ္မမိတ်ဆွေအတွက်..အကျဉ်းလောက် ဒီစာမျက်နှာ တစ်နေရာမှာ ဖေါ်ပြပေးပါမယ်)
ရုပ်တွေ နာမ်တွေ ရဲ့ " ဖြစ်ပျက်" ကို မြင်အောင်ကြည့်တာ....ဝိပဿနာ၊
ခန္ဓာ"အရှိ" နဲ့ ဥာဏ်"အသိ"ကို ကိုက်အောင်လုပ်တာ....ဝိပဿနာ၊
ရှေ့က "ဖြစ်ပျက်" နောက်က "မဂ်"လိုက်တာ...ဝိပဿာနာ၊
အသေ ကို အရှင် နဲ့ ကြည့်တာ...ဝိပဿနာ၊
ကျေးဇူးရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး ရဲ့ အဆိုအမိန့် အရ ရုပ်နာမ်မှာ ဖြစ်နေတဲ့သဘောတွေကို...
ဖြစ်နေတဲ့အတိုင်း၊ ရှိနေတဲ့အတိုင်း...
သတိနဲ့စောင့်ရှောက်နေတာဟာ သတိပဋ္ဌာန် ဝိပဿနာ ပဲ။ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းအကျင့် ပါပဲ။ အဲဒါ မဂ္ဂင်ရှစ်တန်အကျင့်မှန်ဘဲ ဖြစ်ပါတယ်။
အတိုချုပ်အနေနဲ့ပြောရမယ်ဆိုရင်…
အထူးကြည့်တာ...ဝိပဿနာ။
အထူးကြည့်တော့ အထူးသိတာပေါ့၊
သမားရိုးကျကြည့်တာမဟုတ်ဘူး။
ဝိပဿနာမျက်လုံးနဲ့ ကြည့်တာ။
သမားရိုးကျကြည့်ရင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမြင်ပါလိမ့်မယ်။ သူဌေး၊ ဆင်းရဲသားမြင်ပါလိမ့်မယ်။
အထူးကြည့်တော့ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်ဘူး။ သူဌေး၊ ဆင်းရဲသားမဟုတ်ဘူး။
ရုပ်တွေ နာမ်တွေပဲ အထူးကြည့်တော့ အထူးမြင်ပါတယ်။ ရုပ်တွေနာမ်တွေရဲ့ ဖြစ်ပျက်ကိုမြင်လာတယ်။ အဲဒါကို ဝိပဿနာ လို့ခေါ်ပါတယ်။
အကယ်၍ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကိုသာ သိမယ်ဆိုရင်တော့ ဘာပြောနေလဲဆိုတာကို နားလည်နေပါလိမ့်မယ်။
ဝိပဿနာတရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ ဆိုတာကိုအရင်ဆုံး အကြမ်းဖျင်းရှင်းပြပါရစေ.....
ရုပ်သဘောတရား နာမ်သဘောတရားတို့ ရဲ့ အခြေအနေမှန် ဖြစ်တဲ့ ( ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း )တို့ ကို သိမြင်အောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) မြင် အောင်ကြိုးစားအားထုတ်မယ် ဆိုလို့ ရှိရင်..မျက်မှောက်ကာလ မှာဘဲ
* စိတ်ဓါတ်ဖြူစင် သန့် ရှင်းခြင်း..
* မပူဆွေး မငိုကြွေးရတော့ခြင်း...
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း..
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကို ရရှိခြင်း..
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း..
စတဲ့ ကောင်းကျိုးတရားတွေ ရရှိကြောင်းကို မဟာသတိပဋ္ဌာနသုတ် မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာ ရှိပါတယ်။
* စိတ်ဓါတ်ဖြူစင် သန့် ရှင်းခြင်း
သတိပဋ္ဌာန်တရားတော် နဲ့ အညီ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်း (အနိစ္စ) သဘောတို့ ကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အားထုတ်သူရဲ့ စိတ်ဓာတ်ဟာ လိုချင်မှုဆိုတဲ့ လောဘ၊ မကျေနပ်မှု ဆိုတဲ့ ဒေါသ၊ မသိတွေဝေမှု ဆိုတဲ့ မောဟ ၊ အဲဒီ ရုပ်နာမ်သဘောတွေ ကို ငါ လို့ ထင်မြင်ယူဆတဲ့ ဒိဋ္ဌိ အစရှိတဲ့ မကောင်းတဲ့ စိတ်နေစိတ်ထား၊ ကိလေသာ တွေဟာ လျော့နည်း ပပျောက် ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ် လာပါတယ်။ ရုပ်နာမ်ဖြင့် ဖွဲ့ စည်းထားတဲ့ ခန္ဓာကိုယ် ကို ငါ သူ လူပုဂ္ဂိုလ် သတ္တဝါ မရှိ ရုပ်နာမ်သဘောသာရှိတယ် လို့ မိမိခန္ဓာမှာ အမြင်ရှင်းလာပါတယ်။
အမြင်ကြည်လင် ပြတ်သားလာပါတယ်။ထို့ အတူ စိတ်ဓါတ်ဟာ လည်း ဖြူစင် သန့် ရှင်း ခိုင်မာလာပါတယ်။
* မပူဆွေး မငိုကြွေးရတော့ခြင်း
အဲဒီသို့ ခန္ဓာအမြင် ကြည်လင်လာတာ နဲ့  အမျှ မိမိခင်မင်တွယ်တာ ခဲ့ ရတဲ့ သက်ရှိ သက်မဲ့တွေ ဆုံးရှုံး ပျက်စီးတဲ့ အခါ စိုးရိမ်ပူဆွေးမှုတွေ လျှောချနိုင်လာပါတယ်။
အဲဒီလို မတည်မြဲ ကြတဲ့ သဘောကို နားလည်လာတဲ့ အတွက်ကြောင့် ပူဆွေး ငိုကြွေးရခြင်းတို့ ရဲ့ သက်သာမှုကို ရစေပါတယ်။
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း
အဲဒီလို စိတ်ဓာတ်တည်ငြိမ် လာသူဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စတဲ့ ကျန်းမာရေးထိခိုက်မှု တွေဟာလည်းနည်းပါးလာပါတော့တယ်။
သောကဖြစ်စရာတွေ နဲ့  ကြုံတွေ့ ရင်လည်း ခံနိုင်ရည်ရှိလာပါတယ်။ အဲဒီလို စိတ်ကျန်းမာမှုဟာ ရုပ်ပိုင်း ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အတွက်ကြောင့် တရားအားထုတ်ခြင်းက ကိုယ်စိတ်ဆင်းရဲမှုကို မဖြစ်စေပဲ ကိုယ် နဲ့ စိတ် ကိုရွှင်လန်းစေနိုင်ပါတယ်။
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း
အဲဒီလို စိတ်တည်ငြိမ်လာတဲ့ အခါမှာ တစ်ဆင့်တက်ပြီး ရုပ်နာမ် သဘောတွေကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသော ယောဂီဟာ ဆိုရင် မိမိရဲ့ ဝိပဿနာဉာဏ် အဆင့်ဆင့် ကို ရင့်ကျက်အောင် အားထုတ်သွားရင်၊ ဒုက္ခကို ဒုက္ခမှန်း၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း၊ သိမြင်လာပြီး အဆင့်ဆင့် တက်ကာ အရိယာ မဂ်ဉာဏ် ကိုရရှိနိုင်ပါလိမ့်မယ်။ သစ္စာလေးပါး အမှန်တရားကို သိမြင်နိုင်သည့် ဤမဂ်ဉာဏ် ကိုမရရှိသောကြောင့် ဓမ္မမိတ်ဆွေ တို့ ဟာ သံသရာထဲ တဝဲလည် လည်နေရတာကို လည်းနားလည်လာပါတော့တယ်။
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း
မျက်စိနှစ်ကွင်း အလင်းမရသူဟာ ပြင်ပအရာဝတ္တုတွေကို မသိမြင်နိုင်ပါဘူး။ ထို့ အတူ သစ္စာလေးပါး ကို မသိသူဟာ နိဗ္ဗာန်ဟူသော သန္တိသုခ အငြိမ်းဓာတ်ကို မသိမြင်နိုင်ပါဘူး။ တရားအားထုတ်ထားသူ ရရှိထားသော မဂ်ဉာဏ် ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓာတ်သဘော ကို သိမြင်နိုင်ပါပေတယ်.. စတဲ့ ကောင်းကျိုးတွေကို လက်ရှိမျက်မှောက်ဘဝမှာတင် ခံစား၊ စံစားနိုင်ကြပါတယ်။
ဝိပဿနာအကြောင်းကို ဘာမှမသိသေးတဲ့ ခုမှစတင်လေ့လာတဲ့ ဓမ္မမိတ်ဆွေတွေ အနေနဲ့ ပထမဆုံး…
"ပညတ် နဲ့ ပရမတ်"ကို ကွဲကွဲပြားပြားသိရပါလိမ့်မယ်။
ရုပ်တွေ နာမ်တွေကို ကျကျနန နားရှင်းအောင်သိရပါမယ်။
ဒါမှ ဝိပဿနာဆိုတာ ဘာလဲဆိုတဲ့အဓိပ္ပါယ်ကို ပိုပြီး သဘောပေါက်ပါလိမ့်မယ်။ နားလည်ပါလိမ့်မယ်။
" ပညတ်နဲ့ ပရမတ် "ကို နားလည် လွယ်အောင် ရှင်းပြရရင်...
ပညတ်ဆိုတာအများကလက်ခံထားတဲ့၊ အများလည်းနားလည်အောင် သတ်မှတ်ထားတဲ့ သဘောပါဖြစ်ပါတယ်။
အခေါ် အဝေါ် သဘောပါ။
လူမျိုးပေါင်းစုံ၊ဘာသာစကားပေါင်းစုံရှိကြတဲ့ အတွက်ကြောင့် အကြောင်းအရာတစ်ခုခုကို အခေါ်အဝေါ်မျိုးစုံ ရှိပါတယ်။
ဥပမာ..
"အိုး" ကိုပဲ မြန်မာလို အိုး လို့ခေါ်ပေမယ့် အင်္ဂလိပ် လိုက တစ်မျိုး၊ တရုတ်လို က တစ်မျိုး၊ ကုလား လို က တစ်မျိုး အမျိုးမျိုး အခေါ်အဝေါ် ပြောင်းနေကြပါတယ်။
"ပညတ်" ဆိုတာ ပုံသဏ္ဌာန်၊ အရွယ်အစား၊ အရောင် အဆင်း၊ နေရာဒေသ၊ အချိန်အခါတွေကြောင့် ဖြစ်ရတာပါ။ ဒါတွေကို အများနားလည်အောင် ခေါ်ဝေါ်နေရတာပါ။
"ပညတ်" ဆိုတဲ့သဘောက ပုံသဏ္ဌာန်ကြောင့်လည်း ပြောင်းလဲသွားတယ်။ အခေါ်အဝေါ်ပေါ့နော်။ အရွယ်အစား၊ အရောင်အဆင်း၊ နေရာဒေသ၊ အချိန်အခါ ဆိုတာတွေကြောင့်လည်း ပြောင်းလဲပါတယ်။ ဒါကြောင့် "ပညတ်" က ပြောင်းလဲတယ်။ မခိုင်မြဲဘူးလို့ဆိုပါတယ်။
"ပရမတ်" တရား တွေက "မူလအခြေခံ" သဘောတွေပါ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မူလ ပင်ကိုယ်သဘောကနေ မပြောင်းလဲပါဘူး။ ပင်ကိုယ် သတ္တိ မပျောက်ပါဘူး။
ဥပမာအနေနဲ့ ပြောရရင်...
သောက်ရေအိုး တစ်လုံးကို နှလုံးသွင်းလိုက်ကြပါစို့။ သောက်ရေထည့် ထားလို့ သောက်ရေအိုးလို့ ခေါ်တာ မှန်နေတာပါ။ ခြေဆေးဖို့ ရေတွေထည့်ထားရင် ခြေဆေးအိုး၊ ဟင်းရွက်စုံ ချဉ်ရေစိမ်ဖို့ ချဉ်ဖတ် ထည့်ထားရင် ချဉ်ဖတ်အိုး၊ အိုးတိုက်ဖွဲပြာတွေ ထည့်ထားရင် ဖွဲပြာအိုးလို့ခေါ်ကြပါတယ်။ ဒါဟာ အမှန်ပါပဲ။ လောကလူသားတွေ နားလည်တယ်။ လက်ခံတယ်။ ပညတ် အမှန်တရားပါ။
ဒီ အိုး ကိုပဲ ဘာမျှ အသုံးမပြုဘဲထားရင် အိုးဟာ အိုးပါပဲ။ အဲ...တစ်ခု တော့ရှိပါတယ်။ မြေကြီးကို အရင်းခံ ထားပြီး အမာခံလုပ်၊ ဖုတ်ထားတဲ့အတွက် မြေအိုးလို့ ခေါ်ကြပါတယ်။ ခွက် ပုံစံဆို မြေခွက်၊ အင်တုံ ပုံစံ ဆိုရင် မြေအင်တုံဖြစ်ပြီပေါ့။ ဒီမြေအိုးပါပဲ။
တစ်ပုံစံတည်း ဖြစ်ပေမယ့် အညာဒေသ ရွှေဘိုကျောက်မြောင်းက ထွက်ရင် အညာအိုး၊ ရွှေဘိုအိုး၊ ကျောက်မြောင်းအိုး လို့ ခေါ်ကြပြန်ပါတယ်။
ဒီအိုး တစ်လုံးတည်းကိုပဲ မဝယ်ခင်က၊ မသုံးခင်က ဆိုရင် အိုးအသစ်၊ ဝယ်ပြီး၊ သုံးပြီး ပြီဆိုရင် အိုးအဟောင်းလို့ ခေါ်ကြပြန်ပါရော။ အရွယ်ကြီးရင် အိုးကြီး၊ အရွယ်ငယ်ရင် အိုးသေးလို့လည်း ခေါ်ကြပါတယ်။ သောက်တော်ရေအတွက် ဘုရားစင်ပေါ် တင်ထားရင် ဘုရားအိုး၊ စားပွဲပေါ် တင်ထားရင်စားပွဲ တင်အိုး၊ အိမ်နောက်ဖေးအိမ်သာထဲ ထားလိုက်ရင် အိမ်သာအိုး ဖြစ်သွားပြန်တယ်။
တစ်ခုခုနဲ့ ထိမိ၊ ခိုက်မိလို့ အိုးကွဲသွားရင် ဟောမြေအိုး၊ သောက်ရေအိုး၊ အိုးအဟောင်း ဆိုတဲ့ နံမယ်တွေ ပျောက်ကုန်ပြီး အိုးကွဲကြီးလို့ ဖြစ်သွားပြန်ပါတယ်။ အိုးကွဲကြီး ကို ကလေးတွေက တစ်ခြမ်းပြီး တစ်ခြမ်းထုလိုက်၊ ဆော့လိုက် လုပ်တော့ အိုးခြမ်းကွဲ၊ အိုးခြမ်းပဲဖြစ်ပြန်ရော။ တစ်ခါ ထပ်ပြီး အိုးခြမ်းပဲ့လေးတွေကို အမှုန့်ဖြစ်အောင် ထုလိုက်၊ ကျိတ်လိုက်ရင် မြေမှုန့်တွေ ဖြစ်သွားပါတယ်။
အဲဒါဘာမြေလဲလို့မေးရင် အိုးကနေ ဖြစ်သွားတဲ့ မြေဖြစ်လို့ အိုးမြေလို့ ခေါ်ပါတယ်။ မြေအိုး ကနေ အိုးမြေ ဖြစ်သွားပါပြီ။ ပုံသဏ္ဌာန်၊ အရွယ်အစား၊ နေရာဒေသ၊ အချိန်ကာလတွေပြောင်းလို့ အခေါ်အဝေါ်တွေ ပြောင်းလဲတဲ့ သဘောက ပညတ် အာရုံတွေရဲ့ သဘောပါ။
မြေအိုး ပဲဖြစ်ဖြစ်၊ အိုးမြေ ပဲဖြစ်ဖြစ် မူလအရင်းခံက မြေ ပါပဲ။မြန်မာလို မြေလို့ ခေါ်နေတာပါ။ ဒါပေမယ့် မြေ ရဲ့တကယ် အရှိသဘောဆိုတာ "အမှုန့်" ကို ခေါ်တာမဟုတ်ပါဘူး။ အဲဒီ မြေကြီးကို မျက်စိမှိတ်မှိတ်၊ ဖွင့်ဖွင့် သွားထိလိုက်ရင် ထိတဲ့အခါမှာလည်း လက် ညှိုးနဲ့ ထိထိ၊ လက်ခလယ်နဲ့ထိထိ ထိလိုက်ရင် ထိတဲ့ သဘောရှိနေပါတယ်။ မာတဲ့ပျော့တဲ့သဘောလို့ အသိ မှာဖြစ် တတ်ပါတယ်။ မာမှု ပျော့မှုလို့ခေါ်တဲ့ အဲဒီ ထိသဘော မြေဓာတ် ပရမတ် ဟာ မြေအိုး၊ သောက်ရေအိုး၊ အိုးကြီး၊ အိုးသေး၊ အိုး ဟောင်း၊ အိုးသစ်ဆိုတဲ့ အမည်တွေ၊ ပညတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မာ ပျော့ ထိ ဆိုတဲ့ မြေဓာတ် "ပရမတ်" ကတော့ အမြဲ ရှိနေပါတယ်။ မြေမှုန့်တွေ ဖြစ်တဲ့အထိလည်း ရှိနေပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အကြောင်းကြောင်း တွေကြောင့်ပဲ ဖြစ်ဖြစ် မြေဓာတ်ရဲ့ သဘောက မပြောင်းလဲပါဘူး။ ဒါကို ပရမတ် ရဲ့ အမှန်တရားလို့ ခေါ်ပါတယ်။
ပညတ်က အများသတ် မှတ်တဲ့သဘော အမှန်ပါပဲ။ဒါပေမယ့် မရှိတရားပါ။ ပရမတ်ဆိုတာ အများသတ်မှတ်သည် ဖြစ်ဖြစ်၊ မသတ်မှတ်သည် ဖြစ်ဖြစ်၊ သိသိ မသိသိ အမှန်တရားပါပဲ။ တကယ် အရှိတရားပါ။ ပရမတ်ဆိုတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ သဘောတွေရှိပါ တယ်။ ပညတ်ကတော့ မရေတွက်နိုင် အောင်များပါတယ်။ ဒီသဘောတွေဟာ ပညတ်နဲ့ ပရမတ်တွေ ရဲ့ သဘောတွေပါပဲ။
"ပညတ်" ဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်အောင် သတ်မှတ်ထားတဲ့ နာမည်တွေကိုခေါ်တာ။ အမှန်တကယ် မရှိဘူး။
ဥပမာ..
ခေါင်း၊ ခါး၊ လက်၊ ခြေ၊ ယောက်ျား၊ မိန်းမ၊ အိမ်၊ ကျောင်း၊ ကား၊ ရထား၊ စသည်အားဖြင့် လူအမျိုးမျိုးက ဝေါဟာရအမျိုးမျိုးနဲ့ ခေါ်နေကြတာ၊ပြောနေကြတာလည်းအားလုံးဟာ ပညတ် တွေပဲ။
"ပရမတ်"ဆိုတာကတော့ အမှန်တကယ်ရှိတဲ့ သဘောတရားကို ဆိုလိုတာပါ။ သဘောမျှပဲ။ မျက်စိနဲ့လည်းမမြင်ရဘူး၊ ပုံသဏ္ဍာန်လည်းမရှိဘူး၊ အလေးချိန်လည်းမရှိဘူး၊ ထုထည်းလည်းမရှိလို့ ဆုတ်ကိုင်လို့လည်းမရပါဘူး၊ အမှုန့်တွေလည်းမဟုတ်ဘူး။ မီးခိုးလည်းမဟုတ်ဘူး၊သဘောလေးပါပဲ။
ဥပမာ..
လှုပ်တဲ့သဘော၊ နာတဲ့သဘော၊ ကြားတဲ့သဘောတွေဟာ "ပရမတ်"ပါပဲ။ ပရမတ် တရားက "စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်" ဆိုပြီး(၄)ပါးရှိပါတယ်။ စိတ် နဲ့ စေတသိက် ကို ပေါင်းပြီး နာမ် လို့ခေါ်ပါတယ်။
နာမ်ရဲ့သဘောတရားက…
သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊
ရုပ်ရဲ့သဘောတရားက…
ဖောက်ပြန်တတ်တဲ့သဘော၊ မသိတဲ့သဘော၊ အကြမ်းအားဖြင့်..
ရုပ်ဆိုတာ...
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော..ဆိုတဲ့ ဓာတ်ကြီးလေးပါး အပေါင်းအစုပါပဲ။
လက်တွေ့ရှုမှတ်တဲ့အခါ ဓာတ်ကြီးလေးပါးရဲ့ ပရမတ် သဘောတွေကို ရှုမှတ်ရမှာဖြစ်ပါတယ်။
ပထဝီ ဓာတ်ရဲ့ ပရမတ် သဘောက…
မာမှုသဘော၊ ပျော့မှုသဘော။
အာပေါ ဓာတ်ရဲ့ ပရမတ် သဘောက…
လေးမှုသဘော၊ ဖွဲ့စည်းမှုသဘော၊ ယိုစီးမှုသဘော။
တေဇော ဓာတ်ရဲ့ ပရမတ် သဘောက…
ပူမှုသဘော၊ အေးမှုသဘော၊ ပေါ့ပါးမှုသဘော။
ဝါယော ဓာတ်ရဲ့ ပရမတ် သဘောက…
တွန်းကန်တဲ့သဘော၊ တောင့်တင်းတဲ့သဘော၊ လှုပ်ရှားတဲ့သဘော။
ရုပ် နဲ ပတ်သတ်လို့ ဒီလောက်တော့သိထားရပါမယ်။
နာမ်နဲ့ ပတ်သက်ပြီး ပြောရရင်တော့...
ခုနရေးပြထားတဲ့အတိုင်း စိတ် နဲ့ စေတသိက် ကိုပေါင်းပြီးတော့ နာမ် လို့ခေါ်ပါတယ်၊ သိမှုလေး ကိုစိတ်လို့ခေါ်တာ။ စိတ်တစ်ခုဖြစ်ရင် စေတသိက်တွေလည်း ပါလာပါတယ်ပဲ။ စေတသိက် ဆိုတာကလည်း စိတ် ကိုမှီတွယ်ပြီးတော့ စိတ်ကိုခြယ်လှယ်နေတဲ့ စိတ် တစ်မျိုးပါပဲ။ သူကြောင့် အကုသိုလ်စိတွေဖြစ်သွားတာရှိသလို၊ ကုသိုလ်စိတ်တွေဖြစ်သွားတာလည်းရှိပါတယ်။
ဓမ္မမိတ်ဆွေတို့ အလွယ်ဆုံးနည်းနဲ့ ဒီလိုမှတ်ပါ။ ကြည်လင်နေတဲ့ " ရေ " ဟာ "စိတ် " ဆိုပါစို့၊ အရောင်တစ်ခုခု မထည့်သ၍ စိတ် က ကြည်နေမှာဘဲ၊ ထည့်လိုက်တဲ့ အရောင်အလိုက် အဲဒီရေဟာ အရောင်ပြောင်းပါတယ်။ ဒီတော့ အဲဒီအရောင်ပြောင်းစေတဲ့ အရာဟာ စေတသိက် ပါဘဲ။
စေတသိက်က အားလုံး( ၅၂ ) လုံးရှိပါတယ်။
တရားအားထုတ်မယ်ဆိုရင် ရုပ်(၂၈) ပါးတို့၊ နာမ်(၅၃)ပါးတို့ ရှိပေမဲ့ ဒါတွေကို အကုန်သိစရာမလိုပါဘူး။အကုန်မသိပေမဲ့ လည်းဘဲ ဝိပဿနာ အားထုတ်လို့ရပါတယ်။
◆ ဝိပဿနာ အားထုတ်တယ်၊ တရားထိုင်တယ် ဆိုတာဟာ အလွယ်ဆုံး ပြောရရင် မိမိရဲ့ စိတ်ကို စောင့်ကြည့်တာပါဘဲ။ စိတ်ကို စောင့်ကြည့်တယ် ဆိုတော့ တရားစပြီးအားထုတ်ခါစမှာတော့ ဟိုပြေး၊ဒီပြေးနဲ့ မငြိမ်မသက်ဖြစ်တတ်တဲ့ စိတ်ရဲ့ ပင်ကိုယ်သဘာဝကို ကြုံတွေကြရမှာ တော့ တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တိုင်းလိုလိုပါဘဲ။အဲဒီလို စိတ်ကို စောင့်ကြည့်တာများလာတဲ့အခါ စိတ်တည်ငြိမ်မှုရလာပါလိမ့်မယ်။
အချိန်ကြာကြာ နဲ့ အလေ့အကျင့် များများ တရားထိုင်လေလေ၊ စိတ်ကို အားမစိုက်ရပဲ ငြိမ်ငြိမ်သက်သက် ဖြစ်အောင် လုပ်နိုင်လာလေလေပါပဲ။
ဝိပဿနာ အကြောင်းကို ဘယ်လိုဘဲ စာနဲ့ ရှင်းပြရှင်းပြ၊ တကယ်တန်းကျတော့..ဖတ်ရုံ နဲ့  နားလည်ဖို့ မလွယ်ပါဘူး။
"ဝိပဿနာ" အလုပ်ဆိုတာ လုပ်ကြည့်မှ သိလာမှာပါ•••••
"ဝိပဿနာ" အားထုတ်ဖို့  "ကမ္မဌာန်း"တရား တွေ အများကြီးရှိတဲ့ အနက် တရားစခန်းတိုင်းလိုလိုက တရားအားထုတ်ကြသူ ယောဂီ တွေ ကိုအများအားဖြင့် "အာနာပါန ကမ္မဌာန်း" သာ ပေးလေ့ရှိတဲ့ အတွက်ကြောင့် "အာနာပါန သတိပဌာန်" ရှုမှတ် နည်း ကို ဆည်းပူးထားသမျှ တင်ပြပေးပါ့မယ်။
"အာနာပါ နဿတိ" ဟာ "ကာယာနုပဿနာ သတိပဌာန်" တစ်မျိုး ဖြစ်ပါတယ်။
"မဟာသတိပဌာနသုတ်"မှာ "ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ" ဆိုတဲ့ အာရုံ ၄ မျိုးအနက် " ကာယ"ကို အဖန်ဖန်ရှုမှတ်ခြင်း "ကာယနုပဿနာ" အကြောင်းတင်ပြပါမယ်။
မြတ်စွာဘုရားရှင်က.."ကာယနုပဿနာ" နှင့် ပတ်သက်ပြီး" အာရုံ ( ၁၄ ) မျိုး" ဟောထားတဲ့အနက်ထဲက ဓမ္မမိတ်ဆွေများအတွက် အာရုံ တစ်ခုဖြစ်တဲ့ "အာနာပါန" အကြောင်း ကို ဘဲ လောလော ဆယ် တင်ပြပါရစေ။
ပထမဆုံး "ဝင်လေ ထွက်လေ"ကို အာရုံယူ ရှုမှတ်ဖို့ ဟောပါတယ်။
လူတိုင်း အသက်ရှင်နေသမျှကာလပတ်လုံး အသက် "ရှုသွင်း၊ ရှုထုတ်"လုပ်နေကြတယ်။
မရှူတာနဲ့ သေမှာပါ။
ဒါပေမယ့် ဓမ္မမိတ်ဆွေတို့ ဟာ...
အဲဒီ "ဝင်လေထွက်လေ" အပေါ်မှာ သိနေအောင် သတိကပ်ပြီးနေ လေ့မရှိကြပါဘူး။
ဒီ "ဝင်လေ ထွက်လေ"ကို "အာနာပါန" လို့ ခေါ်ကြတာပါ။
တရားစခန်းတွေမှာ ပေးလေ့ရှိတဲ့ ကမ္မဌာန်းတရားပါ။
လေကို ရှူသွင်း ရှူထုတ် နေတာ အာရုံတစ်ခုပါဘဲ။ ဒီအာရုံကို သတိနဲ့ ကပ်ပြီး ဥာဏ်ကသိအောင် တွဲပြီး အလုပ်လုပ်ရင်း လေ့ကျင့်ရတာပါဘဲ။ ဒါကို.."အာနာပါန ပဗ္ဗ" လို့ ခေါ်ပါတယ်။
အသက်ရှူနေကြတဲ့ ဝင်လေ ထွက်လေရဲ့ နှာခေါင်းဝ အသားကို ..ထိ၊ ထိသွားတဲ့ အထိ ကလေးကိုလိုက်ပြီး သိ သိနေတဲ့ ထိ သိ "သတိ" ဆိုတဲ့ သိစိတ်ကိုထားပြီးတော့ ...
ဝါယောရုပ် လေက ၊
ကာယရုပ် အသား ကို တိုးထိသွားတာကို ပဲ မမေ့တဲ့သတိ နဲ့ သိ သိ မှတ် မှတ် ရှု ရှု နေရပါမယ်။
အဲဒါကို "အာနာပါန ဖုသန ကမ္မဋ္ဌာန်း"လို့ခေါ်ပါတယ်။
ဘုရားသာသနာတော် မှာ ဒီကမ္မဋ္ဌာန်းဟာ
"ရှုမှတ်ရတာ လည်း အလွယ်ဆုံး" အသက်ရှူနေတဲ့ လူတိုင်းနဲ့လည်း အသင့်လျော်ဆုံးပါဘဲ။
ဒါပေမယ့် ..ကိုယ်အသက်ရှူနေတာကို မသိမမှတ်တဲ့၊ သတိမထားတဲ့ သူတွေကသာ များနေကြတာပါ။
ဒါကြောင့် သိဒ္ဓိရှင် ဖြစ်ချင်ရင် တော့ အဲဒီအတိုင်း ရှုမှတ်ကြည့်ပါ၊ သမာဓိရှိ သလောက် တန်ခိုးသိဒ္ဓိတွေ တော့ ရလာမှာပါပဲ။
ရှုပုံရှုနည်းကို ဖတ်ရှုထားသလောက် ပြောရယင်...
အရင်ဆုံး နှလုံးသွင်းထားရမှာက...
၁။ ဝင်လေ ထွက်လေ ဝါယောရုပ်က နှာသီးဖျား ကာယရုပ်ကို လာထိတယ်၊ ငါ့ကို ထိတာမဟုတ်.....
"ငါမရှိ၊ ရုပ်ကို ထိတယ် "....အဲဒီလို သိမှတ်လိုက်ပါ၊ ဒီတော့ "အတ္တဒိဋ္ဌိ" ကို တိတိပပ ဖြတ်ချလိုက်တဲ့ သဘောပါ။
၂။ နာမ်ခေါ်တဲ့ အသိစိတ်ကလေးတွေက ထိတာကို သိ သိ သွားတယ်။ ငါသိတာ မဟုတ်၊ စိတ်နာမ်က သိသည်၊ ငါမရှိ၊ စိတ်နာမ်သာရှိတယ်...။
အဲဒီလို သိမှတ်ကြည့်ပါ။
၃။ဒီ ထွက်လေ ဝင်လေ ဟာ ရှူချင်တဲ့စိတ်ကြောင့်သာ ဖြစ်ပေါ် ဖြစ်ပေါ်လာတာပါ။ငါ့ကြောင့်ဖြစ်တာ မဟုတ်ပါဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ သိမှတ်ထားပါ၊ အကြောင်းစိတ် နဲ့ အကျိုးရုပ် ကို ပိုင်းခြားသိထားရပါမယ်။
၎။ အဲဒီ ထိတဲ့ရုပ်တွေဟာလည်း ထိထိပြီးတော့ ပျက်ပျက်သွားကြတာပါပဲ၊ ခိုင်မြဲမှု လုံးဝမရှိတဲ့ "အနိစ္စ"တရားတွေ ပဲလို့ သိမှတ်ပါ။
၅။ မခိုင်မြဲလို့ ပြန်ပြန် ရှူရှိုက် ရှူရှိုက်ပြီးတော့ ၊ ဒီကိုယ်ကောင်ကြီးကို ပြုပြင်ပေးနေရတဲ့ ကာယသင်္ခါရကလည်း ဒုက္ခဆင်းရဲ သက်သက်တွေပဲလို့ သိမှတ်ပါ။
၆။ အဲဒီ အနိစ္စ-မခိုင်မမြဲ ပျက်စီးနေတဲ့ တရားစုတွေကို နိစ္စ ဖြစ်အောင်၊ ဆင်းရဲဒုက္ခကို သုခချမ်းသာ ဖြစ်အောင်၊ လုပ်လို့မရနိုင်တဲ့ ငါစိုး ငါပိုင် မဟုတ်တဲ့ အတွက်ကြောင့် ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလုပ်တိုင်း လည်း မအောင်မြင်တဲ့ အတ္တ မဟုတ်တဲ့ အနတ္တ သဘောတရားတွေပါပဲလို့ ...
ဉာဏ်ထဲမှာ စွဲလာအောင် စိတ်ကိုလေ့လာ စေစားပေးရပါမယ်။လေ့ကျင့်ပေးရပါမယ်။
အခုလို့ ...
ထွက်လေ ဝင်လေ ရဲ့ ထိသိကိုမှတ်နေတဲ့ အသိစိတ်ဓာတ်ကို ထိ သိ ဆိုတဲ့ နေရာမှာတင် ရပ်မနေဘဲ...
"ထိတဲ့ရုပ်လည်းပျက်၊
သိတဲ့ စိတ်လည်းပျက်"
ထိသိပျက်တိုင်အောင် အသိစိတ်ကို "အနိစ္စလက္ခဏာ"သို့ ရောက်အောင် ပို့ဆောင်ပေးရပါမယ်။ အလေ့အကျင့်ပြုလုပ်ပေးရပါမယ်။
အဲဒီအတိုင်း ဖြစ်ပျက်ထဲမှာ အလေ့အကျင့် ရပါများလာတဲ့ အခါမှာ သိစိတ် အစဉ်ဟာ နှာသီးဖျား၊ နှာခေါင်းဝ ထိသိ အမှတ်ထဲက ထွက်ပြီးတော့ တခြား မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ တွေ့ ထိခိုက်၊ ကြံစည်ခိုက် တို့ ပေါ်လာရင်လည်း ခဏတိုင်း၌လည်း ဖြစ်ဖြစ်ချင်း၊ ချက်ချင်းပင် အပျက်သဘောထဲ သက်ရောက် အလိုလို သိမှတ်သွားတော့တာပါဘဲ၊ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတာ နဲ့ အသိ မလုပ်တော့ပါဘူး၊ " ရုပ်နာမ်ဖြစ်ပျက် နဲ့သာ အသိလုပ်နေပါတော့တယ် " ။
အဲဒီလို အလေ့အကျင့်တွေများများလာလို့ အကျင့်ပါသွားတာနဲ့ တပြိုင်နက် မိမိသိနေကျ လမ်းအတိုင်းသာ အသိ လုပ်သွားတဲ့အတွက်ကြောင့် တခြားအာရုံ လမ်းကြောင်းထဲသို့ စိတ်မပြောင်းတော့ဘဲ နဲ့ မိမိသွားနေကျ ကိလေသာအာရုံ ကာမဂုဏ်ထဲ ရောက်မသွားတော့ဘဲ အဲဒီမှာ ဘာဖြစ်မလဲဆိုတော့...
"မြင် သိ ပျက်၊ ကြား သိ ပျက်၊ နံ သိ ပျက်၊ စား သိ ပျက်၊ ထိ သိ ပျက်၊ ကြံစည်တွေးတော သိ ပျက် " ဆိုတာ နဲ့ ဘဲ ..
ခဏတိုင်း ၊ခဏတိုင်း သိ ပျက် နေတဲ့ "ဥဒယ ဝယ ခဏိက သမာဓိ"၊တနည်းဆိုသော်( အနိမိတ္တစေတောသမာဓိ )ထဲ ရောက် ရောက်ပြီး တည်ငြိမ်နေတော့ သတည်း လို့ သာ ပြောရတော့ မှာပါဘဲ။
အဲဒီ ထွက်လေ၊ ဝင်လေ "အာနာပါန" ထိ သိ ကို သတိထားရှုမှတ်တဲ့ အလေ့အထဟာ သတိရင့်ကျက်လာတဲ့အခါ မှာ အဲဒီလို ဥဒယ ဝယ ခဏိက သမာဓိထဲ ရောက်ရှိလေ့ရှိလို့ အလွန်ကောင်းတဲ့ အတိုင်းမသိ တန်ဖိုးရှိသော ကမ္မဋ္ဌာန်းလို့ ဆရာတော်တွေဟောခဲ့ပါတယ်။
ခု..ပြောပြခဲ့တဲ့ ဒီအလေ့အထဟာ လက်တွေ့အားဖြင့် လောဘ ဒေါသတို့ မလာနိုင် မလိုက်နိုင်တဲ့ အကျင့်မြတ် ပါပဲ။
ရှေးသူတော်ကောင်း တို့လုပ်ငန်း လမ်းဟောင်းလမ်းမှန် အကျင့်မြတ်ပေါ်သို့ တက်ရောက် လျှောက်သွား ရှုမှတ်နေတဲ့အတွက်ကြောင့် တွေဝေ ငေးမောကာ အမှားထဲမှာ မေ့မြောနေတတ်တဲ့ မောဟ နဲ့  ကင်းဝေးပြီး ဝိဇ္ဇာဉာဏ်ဘက်သို့ သက်ရောက်ကူးဝင်လာသော အကျင့်လည်း ဖြစ်တယ် လို့  ဆိုပါတယ်။
အဲဒီ ထွက်လေ ဝင်လေ "ထိသိ သတိ" ကိုပဲ မမေ့မလျောတဲ့ သမ္မာသတိမဂ္ဂင် အားကောင်းကောင်းနဲ့ ရှုမှတ် ပွားများနေတဲ့ ဓမ္မမိတ်ဆွေကတော့ လေ့လာလုပ်ယူမှု "သတိ" အပိုင်းက လွန်မြောက်ပြီးတော့ သမာဓိ ရင့်ကျက်ကာ အာရုံပေါ်ပေါ်လာတိုင်း သတိ နဲ့ "ကပ်ခနဲ ကပ်ခနဲ" ချက်ချင်းပဲ "သိပျက် သိပျက်" နေတဲ့ “ဥပဋ္ဌာနသတိ” က ဉာဏ်နဲ့တွဲပြီး မဂ်ဖိုလ် နိဗ္ဗာန်အထိ လောကုတ္တရာ အကျိုးတရားတွေကို ခံစားရအောင် ပို့ဆောင်ပေးပါလိမ့်မယ်။
အဲဒီ အကျိုးကျေးဇူးတရားတွေကို ခံစားချင်ရင်တော့..ကိုယ်တိုင် အားထုတ်ကြည့်ပါ၊ ကိုယ်လုပ်သလောက်၊ ကိုယ်နဲ့ ထိုက်တန်မဲ့ လုပ်ခ ရမှာကတော့ အမှန်ပါပဲ။
ဒါကြောင့် ဝိပဿနာ ဆိုတာ ဘာမှန်းမသိကြသူတို့ အတွက်.. အမှန်ကန်ဆုံးအဖြေပေးရယင်တော့.."ဝိပဿနာ" ဆိုတာ "ကိုယ်တိုင်လုပ်ကြည့်မှ သိလာမှာပါ "ဆိုတဲ့ စကားချပ် နဲ့ ဘဲ ပူဇော်လိုက်ပါရစေ။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။
ကိုးကား (အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ -ဖျာပုံတိုက်သစ်)၊
လေးအိမ်စု အရှင်ဝိစိတ္တသာရ ရဲ့ တရားတော်များ နှင့် အရှင်ဓမ္မသာရ ဓမ္မဒါန မှ ကောက်နှုတ်ပါသည်။

No comments:

Post a Comment