Friday, January 6, 2017

"နိဗ္ဗာန်ရောက်ဖို့ ..ပထမ ခြေလှမ်း"
••••••••••••••••••••••••••
( ဒုတိယပိုင်း )
ဒါဆိုကောင်းပါပြီ..ဒုတိယပိုင်း ကို ဆက်လက်တင်ပြရရင်...
"သက္ကာယဒိဋ္ဌိ"ကို ဘယ်လိုတရားနဲ့ ရှုမှ သက္ကာယဒိဋ္ဌိ ပြုတ်ပါလိမ့်မလဲ...ဆိုတော့..
"ဒိဋ္ဌိ..ဖြုတ်နည်း" ဆိုတဲ့ မိမိရဲ့  ခေါင်းစဉ်အတိုင်း ဆက်လက်တင်ပြရရင်...
"သက္ကာယဒိဋ္ဌိ" ပြုတ်တယ်ဆိုတာ..
"မဂ္ဂင်ရှစ်ပါး"နဲ့ ရှုမှ ပြုတ်ပါတယ်။
"မဂ္ဂင်ရှစ်ပါး" ကို အုပ်စု ၃ မျိုး ခွဲပြီးတော့.."သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်"ရယ်လို့ ဆိုပြီး ပြောဆို သုံးနှုန်းကြပါတယ်။
အဲဒီ ၃ပါးကို "သိက္ခာ( ၃ )ပါး လို့ လည်း ခေါ်ပါတယ်။
၁။သီလမဂ္ဂင် ( ၃ )ပါး
၂။သမာဓိမဂ္ဂင် ( ၃ )ပါး
၃။ပညာမဂ္ဂင် ( ၂ ) ပါး.. ဖြစ်ပါတယ်။
အဲဒီ ( ၈ )ပါး စလုံး စုံရင်တော့ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါတယ်။အပြန်အလှန်အားဖြင့် ပြောရရင်တော့.. နိဗ္ဗာန်ကို မျက်မှောက်ပြုမှ ဒီ မဂ္ဂင် ( ၈ )ပါး စုံပါတယ်လို့  ဆရာတော်ကြီးက မိန့် ကြားဘူးပါတယ်။
ဓမ္မမိတ်ဆွေတို့ နားလည်လွယ်အောင် ရှင်းပြရရင် ပထမဦးစွာ တရားစတင် ရှုမှတ်မယ်ဆိုရင် " မဂ္ဂင် ( ၅ )ပါး" ကို မိမိရဲ့ သန္တာန် မှာ ရှိလာအောင် အရင်အားထုတ်ရပါတယ်။
အဲဒီ ( ၅ )ပါးကတော့..
" သမာဓိမဂ္ဂင်( ၃ )ပါး နဲ့ ပညာမဂ္ဂင်( ၂ )ပါးဘဲ ဖြစ်ပါတယ်။
သမာဓိမဂ္ဂင်( ၃ )ပါးကတော့..သမ္မာသတိ၊ သမ္မာဝါယာမ၊သမ္မာသမာဓိ တို့ ဖြစ်ပြီးတော့၊
ပညာမဂ္ဂင်( ၂ )ပါးကတော့..သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပတို့ ဖြစ်ပါတယ်။
ဝိပဿနာ အားထုတ်မှုဟာ သွားရင်း၊လာရင်း၊ဈေးရောင်းရင်းလည်း အားထုတ်နိုင်တယ် လို့ သိထားကြတဲ့အတွက် သမာဓိထူထောင်စရာမလိုဘူးလို့ ထင်မှတ်တတ်ကြပါတယ်။တစ်ကယ်တော့ သမာဓိမဂ္ဂင်( ၃ )ပါးရှုဉာဏ်ကိန်းမှသာ ပညာမဂ္ဂင်( ၂ )ပါး ဖြစ်လာနိုင်ပါတယ်။
အထက်မှာ ဖေါ်ပြဖို့ ကျန်ခဲ့တဲ့ တစ်ခုကတော့..."သီလမဂ္ဂင်" ပါ။
"သီလမဂ္ဂင်"( ၃ )ပါးက တော့ "သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဖြစ်ပါတယ်။
"သမ္မာဝါစာ"ဆိုတာ...မုသားရှောင်ကြဉ် ရင် "သမ္မာဝါစာ" ပါဘဲ။
"ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရ ကို မကျူးလွန်ရင် "သမ္မာကမ္မန္တ"၊
လိမ်လည်ကောက်ကျစ်ပြီး အသက်မမွေးလို့ ရှိရင် "သမ္မာအာဇီဝ"။
ဒါ "သီလမဂ္ဂင်" ဘဲ ဖြစ်ပါတယ်။
သမာဓိမဂ္ဂင်
အထက်မှာ ဖေါ်ပြခဲ့သလို "သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီမဂ္ဂင်( ၃ )ဘာလို့ တွဲနေရသလည်း ဆိုတော့..
သူတို့ ဖာသာ တစ်ခုစီ နဲ့  ကိစ္စတစ်ခုကို ပြီးအောင်မလုပ်နိုင်ကြလို့ဘဲ ဖြစ်ပါတယ်။
ဥပမာ...
"သမာဓိ"တည်အောင် လုပ်တယ်ဆိုတာ.."ဝီရိယ"လည်းပါရတယ်၊"သတိ"လည်း ပါရပါတယ်။ဒါမှ "သမာဓိ"တည်နိုင်ပါတယ်။
"သက္ကာယဒိဋ္ဌိ" ပြုတ်ဖို့ အရေး "ဝိပဿနာ" အားထုတ်တဲ့အခါမှာ သမာဓိ တည်ဖို့ အရေးကြီးပါတယ်။ သမာဓိတည်ဖို့ အတွက်"ဝီရိယနဲ့ သတိ"မပါရင် မဖြစ်နိုင်တဲ့ အတွက်ကြောင့် ....
"သမာဓိမဂ္ဂင်"မှာ ဒီ မဂ္ဂင်( ၃ )ခု ကို ပေါင်းစည်း ထားတာပါ။
အဋ္ဌကထာ ဆရာက ဘယ်လို ဥပမာ ပေးသလည်းဆိုတော့...
မမှီ့တမီ ဖြစ်နေတဲ့ ပန်း တပွင့် ကို ခူးပုံနဲ့ ဥပမာ ပေးထားပါတယ်။
ဒီပန်းကို ဘယ်လို ခူးမလဲ ဆိုတော့.. တစ်ယောက်က ခါးကုန်းပေးရမယ်။ တစ်ယောက်က ကုန်းတဲ့ခါးအပေါ်မှာ တက်ရမယ်။ တစ်ယောက်က ဘေးကနေပြီး ပခုံးပေးရမယ်...တဲ့။ တက်တဲ့လူ လက်ကိုင်ဖို့ ပေါ့။ အဲဒီတော့မှ အပေါ်တက်ပြီး ရပ်တဲ့လူ ပုခုံးကိုင်ပြီးမှ လက်တစ်ဖက်က နေပြီး လိုတဲ့ ပန်းကို ဆွတ်လို့ ရမယ်ပေါ့။
မမီ့တမီ ပန်းကို ဒီသုံးယောက် ပေါင်းမိမှ ပန်းတစ်ပွင့်ကို ဣနြေ္ဒ ရရ ဆွတ်ခူးနိုင်မယ် ဆိုတဲ့ ဥပမာပါ။
ဒီလိုဆိုတော့...
ဒီ မမီ့တမီ ပန်း ဆွတ်ပုံမှာ ဘာကြောင့်တုံး.. ဆိုရင်...ရပ်နေတဲ့ ပုဂ္ဂိုလ်က ပန်းမဆွတ်နိုင်ဘူး … ။ ခါကုန်းပေးထားတဲ့ ပုဂ္ဂိုလ်ကလည်း … ပန်းမဆွတ်နိုင်ဘူး။ အပေါ်တက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဘဲ ပန်းကို ဆွတ်ခူးနိုင်ပါတယ် ။အပေါ်တက်တဲ့ ပုဂ္ဂိုလ်ကလည်း ယိမ်းယိုင်နွဲ့နေမယ် ဆိုလို့ ရှိရင်လည်းမဆွတ်နိုင်ဘူး။ ဒီ ပန်းတစ်ပွင့်ရဖို့ သုံးယောက်ကူရတယ်။
အဲဒီအတိုင်းပါပဲ...ဝိပဿနာ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်တွေ ဟာ "သမ္မာဝါယမ"ဆိုတဲ့ "ဝီရိယမဂ္ဂင်"က ခါးကုန်းပေးတဲ့ လူနဲ့တူတယ်၊ "သမ္မာသတိ"ဆိုတဲ့ ပုဂ္ဂိုလ်က ပခုံးလေးနဲ့ အနားနားက ကပ်ပြီး ရပ်နေတဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ် ။"သမ္မာသမာဓိ" ဆိုတဲ့ ပုဂ္ဂိုလ်က ကုန်းတဲ့ အပေါ်တက်ပြီး ခုနက ပုခုံးကိုင်ပြီး ဣနြေ္ဒရရ နဲ့ အပေါ်က ပန်းကို ဆွတ်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ်.. လို့ ဆိုပါတယ်။ ဒါဖြင့် ပန်းတစ်ပွင့် ရဖို့ ဘယ်နှစ်ယောက် ကူရသလဲ ဆိုတော့.. သုံးယောက်ကူမှ ပန်းတစ်ပွင့် ရသလို ဒီမှာလည်း ဝိပဿနာ အလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီသုံးခု မပါလို့ ရှိရင် ဖြစ်ကို မဖြစ်နိုင်တဲ့ အတွက် သူတို့သည် "သမာဓိ" အခြံအရံ "ဝီရိယ နဲ့ သတိ" ဟာ သမာဓိ အားပေးမှု တစ်ခုသာဘဲ ဖြစ်ပါတယ်။
ဝိပဿနာ ရှုတော့မယ် ဆိုရင်..သမာဓိရှိရမှာဖြစ်တဲ့အတွက် သမာဓိတစ်ခုဖြစ်ဖိုံအတွက် ဝီရိယ လည်းပါမှ သတိ ကလဲ ဘေးက ငြိမ်ငြိမ် ပန်းဆွတ်နိုင်အောင် ကိုင်ရသလို ဒါမှ "သမာဓိ" ဆိုတဲ့ ပုဂ္ဂိုလ်က အပေါ်ကနေ ပန်းဆွတ်နိုင်သလို...ဝီရိယ ကို လည်းလွှတ်လို့လည်း မရဘူး၊ "သတိ"မထားရင်လည်း မရပြန်ဘူး၊ "သမာဓိ" မပါလို့ ရှိရင်လည်း ရှုနေတဲ့ "အာရုံ"က စိုက်ခနဲ၊ စိုက်ခနဲ့ မသွားဘူး …
ဒီတော့ ဓမ္မမိတ်ဆွေတို့ အနေ နဲ့  ဒီ "သမာဓိ မဂ္ဂင်" သုံးခု ရှိနေရတဲ့ အကြောင်းကိုတော့ ရှင်းလောက်ပြီ လို့ ထင်ပါတယ်… ။
အထက်က စကားပြန်ကောက်ရရင်...
သမာဓိမဂ္ဂင် မှာ သုံးယောက်ပေါင်းမှ ကိစ္စတစ်ခုပြီးပါတယ်။
ထို့အတူပဲ ..တဲ့။ ဓမ္မမိတ်ဆွေတို့ "ဝိပဿနာ" အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သမာဓိ တည်ချင်လို့ ရှိရင် "သတိကို လက်မလွှတ်နဲ့၊ ဝီရိယ ကို လည်း မလျှော့နဲ့ … ။
ဒါမှသာ "သမာဓိ" လိုရာပန်းကို ဆွတ်နိုင်သလို ခုနက "အနိစ္စ၊ ဒုက္ခ၊ အနတ္တ"ဆိုတဲ့ ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်တွေကို သူ ကောင်းကောင်းမွန်မွန် မိအောင် ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ သုံးခု ပေါင်းမှ ကိစ္စပြီးတယ် ဆိုတဲ့ဥစ္စာ မမြင်သေးဘူး … ဒီသုံးခုထဲက တစ်ခုခု လိုနေလို့ ဖြစ်တာပါဘဲ။
ဓမ္မမိတ်ဆွေတို့ အနေနဲ့ ...
ရှုမှတ်နေတာကြာလှပြီ..ဖြစ်ပျက်ကို မမြင်သေးပါဘူး ဆိုလို့ရှိရင်တော့ အောက်ကခါးကုန်းပေးတဲ့ ဝီရိယ နည်းနေတာ သော်လည်းကောင်း၊ ဘေးကရပ်ပြီး ပုခုံးလေး ပေးဖို့ ရပ်ပေးနေတဲ့ ပုဂ္ဂိုလ်လို တစ်ယောက် လို ဖြစ်တဲ့ "သတိ" ချို့ ယွင်းနေလို့ သော်လည်းကောင်း ဖြစ်ရပါမယ်။ ဒါကြောင့်မို့ "သမာဓိ"ဟာ ဖြစ်ပျက် ရှိရာကို စိုက်ခနဲ၊ စိုက်ခနဲ မသွားပါဘူး …။
"သမာဓိ" ချည်းသက်သက် လည်း ဘာမှ မလုပ်နိုင်ပါဘူး ။
ပန်း တွေရဲ့  အကောင်းအဆိုးကို ရွေးတတ် သလား ဆိုတော့...
"သမာဓိ" က ပန်းမီတာ ပဲ ရှိပါတယ်။ အကောင်းအဆိုး ကို မရွေးတတ်ပြန်ဘူး … ။
ဘာလို့ လည်းဆိုတော့...
သူက တည်ကြည်မှု တစ်ခုသာ၊ ဒီ" အာရုံ" ရှိရာကို တည့်ပေးတာပဲ ရှိတာပါ။ သမာဓိ က ထိုးထွင်းပြီးတော့..
ဒါ အဖြစ်ပဲ၊ ဒါ အပျက်ပဲ၊ ဟောဒါကတော့ သင်္ခါရပဲ။ ဟောဒါက … အနိစ္စ ပဲ၊ ဆိုတာကျတော့..သူနဲ့ မဆိုင်ပါဘူး ။ သိလည်း မသိပါဘူး။
သိဖို့ အတွက်ကျတော့...
"ပညာမဂ္ဂင်" အကူညီပါရပါတယ်။
"ပညာမဂ္ဂင်" ဖြစ်လာဖို့ အကူအညီ ပေးတဲ့ တရားသုံးခုဟာ. " သမာဓိ မဂ္ဂင်" ဖြစ်တဲ့ " သတိ၊ဝီရိယ၊သမာဓိ"ပါ။ ပညာမဂ္ဂင်ကို အကူအညီ ပေးတဲ့ တရားသုံးခု လို့ မှတ်ထားကြပါ။ ဓမ္မမိတ်ဆွေ တို့ အတွက် ထပ်တလဲလဲရေးနေတာဟာ.. စွဲသွားအောင် မှတ်မိစေချင်လို့ ပါဘဲ။
ဒီတော့..."ပညာမဂ္ဂင်" က ဘာလဲဆိုတော်..
"သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပ"
"ပညာမဂ္ဂင်"တစ်ခုတည်းမှာ "သမ္မာသင်္ကပ္ပ"က ဘာကြောင့်လာတွဲနေရသလဲ ဆိုတော့..
ဥပမာ....
ဟိုဘက် ဒီဘက် အကောင်းအဆိုး ရွေးချင်တဲ့ အကဲဖြတ်တဲ့ပုဂ္ဂိုလ် သဘောမျိုးပေါ့။နားလည်လွယ်အောင် ပြောတော့...အကဲဖြတ် ဒိုင် ပေါ့။
တခြားဥပမာအနေနဲ့  ပြောရရင်...
အသက်ကြီးလာလို့ မျက်စိအားနည်းတဲ့ လူအတွက် မျက်မှန် မှာ ပါဝါဒီဂရီ Power ထည့်ပေး လိုက်တဲ့ အခါ ဒီလူဟာ လူငယ်တစ်ယောက် လိုပဲ သူမြင်ပါလိမ့်မယ်။လူငယ်လိုပဲ သူမြင်တယ် ဆိုတော့ သူ့မျက်လုံးချည်း သက်သက် မြင်သလား။ မျက်မှန် အကူအညီ ရမှ သူသည် ရှင်းရှင်းလင်းလင်း မြင်သလားဆိုတာ အကဲခတ်ကြည့်ပါ။ မျက်မှန်ဆိုတဲ့ အကူအညီ ကင်းမဲ့နေလို့ ရှိရင် သူဟာ မြင်တော့ မြင်ပါရဲ့  .ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး …။
ဒါ့ကြောင့် မျက်မှန်က "သမ္မာသင်္ကပ္ပ" တူပါတယ် ။မျက်လုံးက "သမ္မာဒိဋ္ဌိ" နဲ့ တူပါတယ်။သူတို့နှစ်ခု… ကင်းလို့ မဖြစ်ပါဘူး။ တစ်ခုကင်းရင် တော်ရုံပဲ မြင်ပါလိမ့်မယ် …။
ဒါ့ကြောင့်..
အထက်ကပြောတဲ့ ပန်းကို ဆွတ်ခူးတဲ့နေရာမှာ ပန်းအကောင်းကို တိကျစွာရွေးချယ်တတ်ဖို့ မျက်လုံး နဲ့ မျက်မှန် နဲ့ လိုတဲ့ သဘောပါ။တိတိကျကျ မြင်နိုင်ဖို့ အတွက် "သမ္မာသင်္ကပ္ပ" အကူညီလိုပါတယ်။
တစ်ခုခု လုပ်နေရင် တစ်ခြားအကူညီလိုပါတယ်။
ဒါပေမယ့်...
" သီလမဂ္ဂင်" ကျတော့ .. သုံး ခု ဖြစ်နေပေမယ့်..သူတို့က တစ်ခု လုပ်နေရင် နှစ်ခု မပါ ပါဘူး ။
ဒါက...သီလမဂ္ဂင် ရဲ့ ထူးခြားချက် ပါ။
ဘာဖြစ်လို့ လည်းဆိုတော့...
သီလမဂ္ဂင် မှာ ပါတဲ့ ( ၃ )ခုမှာ
"သမ္မာဝါစာ" ဆိုတာ
"မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ၊ လိမ်လည် ကောက်ကျစ်မှုကို ရှောင်ကြဉ်တယ်။ ကြမ်းတမ်းမှုကို ရှောင်ကြဉ်တယ်။ ရယ်မောစရာ ပြောဆိုမှုကို ရှောင်ကြဉ်တယ်။
အဲဒီမှာ သူ ရှောင်ကြဉ် ပုံက တစ်ခြားပါ။
သူ့ ဖာသာသူ ဝစီကံ လေးပါး ကို သာ သူ ရှောင်ကြဉ်တာပါ။
"သမ္မာကမ္မန္တ" ကလည်း...ကာယကံ သုံးပါး ကို ရှောင်ကြဉ်တယ် ဆိုတော့ သူတို့ ပြုလုပ်တာကိုက တစ်မျိုးစီ ပြုလုပ်ကြပါတယ်။ အဲဒီတော့ တစ်ခု လုပ်နေတဲ့ အလုပ်ကို တစ်ခုက ဝင်ခွင့် မရကြပါဘူး။ အဲဒီလို.." သမ္မာကမ္မန္တ" လုပ်နေတဲ့ "ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရ ဆိုတာတွေကို သူ ရှောင်ကြဉ် နေတုန်း၊ "သမ္မာဝါစာ"က ရှောင်စရာ တရား မရှိပါဘူး။ အဲဒါကြောင့် သူတို့က နဂိုကတည်းကိုက "ကာယကံ၊ ၀စီကံ၊မနောကံ " တွေ ဆိုတဲ့ သီလ( ၃ )ပါးဘဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ ရှောင်ကြဉ်ပုံ တူ လို့သာ "သီလ"လို့ နာမည် ပေးထားလိုက်တာပါ။ အလုပ် လည်းမတူပါဘူး … ။
ဒါကြောင့် "မဂ္ဂင် ရှစ်ပါး" ထဲမှာ ဒီ သီလ( ၃ ) ပါးဟာ ဆိုလို့ ရှိရင်...
" လောကီမဂ္ဂင်"လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တစ်ခါတစ်ခါ ငါးပါး၊ တစ်ခါတလေ ခြောက်ပါး။
ခြောက်ပါး ဆိုလို့ ရှိရင် "သမ္မာကမ္မန္တ" ကဝင်လာ လို့ရှိရင် ဟိုနှစ်ခုက ထွက်သွားပါတယ် … ။
ဒါကြောင့် "ဝိပဿနာ" ရှုတဲ့ ပုဂ္ဂိုလ်တွေ မှာ "သမ္မာကမ္မန္တ" ဝင်လာလို့ ရှိရင် ဟိုနှစ်ခု ထွက်သွားပါတယ်။ ဒါဖြင့် ဝိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်တွေ မှာ "သမာဓိ နဲ့ ပညာ"ကတော့ တွဲဝင်မယ်ဆို ဝင်နိုင်ပါတယ်။ "သီလမဂ္ဂင်"သုံးပါးကတော့ တစ်ခုစီသာ ဝင်နေတော့ မမြဲပါဘူး။ မမြဲတော့ "ကာယကံ" ကို ရှောင်ကြဉ် နေရင် "ဝစီကံ နဲ့ မနောကံ" က မပါ ပါဘူး။
"မနောကံ" ရှောင်ကြဉ်နေပြန်တော့လည်း "ကာယကံ၊ဝစီကံ"က မပါပြန်ပါဘူး။ မပါတော့ သူတို့ဟာ မမြဲတဲ့ တရားတွေ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ ကတော့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် အကူအညီ ပေးတယ်လို့ မရှိကြပါဘူး။
ဘာလို့ အကူအညီ မပေးနိုင်သတုံး ဆိုတော့ တစ်ယောက်က ပန်းတိမ် တတ်တယ်။ တစ်ယောက် ယက္ကန်း တတ်တယ်။ တစ်ယောက်က စက်မောင်းတတ်တယ်။ ဘယ့်နှယ်လုပ် အကူအညီ ပေးကြ မလဲနော်။
ပန်းထိမ်သမား ကို စက်မောင်းသမားက အကူအညီ ပေးရမှာကလည်း တခြားစီ … စက်မောင်းသမားက ယက္ကန်းခတ်နေတဲ့ လူကို ပိုးမျှင်တွေ အမျိုးမျိုး အဖုံဖုံ ဖောက်ပြန် နေတာတွေ ဘယ့်နှယ်လုပ် အကူအညီ ပေးရ မတုံး။
အဲဒီလိုဘဲ… သူတို့ ကလဲ တစ်ယောက်နဲ့ တစ်ယောက် အကူအညီ မရှိဘူး...တဲ့။ တစ်ယောက် လုပ်နေတဲ့ အလုပ်ရှိရင် နှစ်ယောက်က ထိုင်ကြည့်နေတဲ့ သဘောပါဘဲ။ဆိုင်လည်း မဆိုင်ပါဘူး။
ဒါကြောင့်...
ဓမ္မမိတ်ဆွေတို့ "ဝိပဿနာ"ရှုနေတဲ့ အခါမှာ သူတို့ဟာက မပါနိုင်ပါဘူး။
ဘယ်ကျမှ ပြိုင်ပြီး ဝင်လာမှာတုံးဆိုတော့..
တစ်ခါတည်း နိဗ္ဗာန် အာရုံ ပြုတော့မှပဲ ပြိုင်ဝင်လာကြမှာပါ။ နို့မဟုတ် လို့ရှိရင် ဘယ်တော့မှ ပြိုင်မဝင်ပါဘူး ဆိုတာ တစ်ထစ်ချမှတ်ထားကြစေချင်ပါတယ်။
ဆရာတော်ဘုရားကြီးက ဘယ်လို မိန့် ကြားပြန်သလည်းဆိုတော့..
ဓမ္မမိတ်ဆွေတို့  ဆောက်တည်တဲ့ သီလ ကတော့ "ပါဏာတိပါတာ ဝေရမဏိ" ကတော့ ဆိုတော့ ဆိုတာပါပဲ။ အဒိန္နာဒါနာ ဝေရမဏိ ဆိုတာပါပဲ။ မုသာဝါဒါဝေရမဏိ ဆိုတာပဲ။ ကာယကံလည်း ဆောက်တည်တယ်။ ဝစီကံလည်း ဆောက်တည်ပါတယ်။ မနောကံ ကတော့ ဆောက်တည်ရာ မရလို့ ထားပါတော့။
သီလမမြဲဘူးဆိုတာ အလုပ်မတူလို့
အဲဒါကြောင့် သီလဟာ မမြဲဘူးဆိုတဲ့ ဥစ္စာ ဟာ အလုပ်မတူ လို့ ဆို ထားပါတယ်။ကာယကံ ရှောင်ကြဉ် တာ နဲ့ ဝစီကံ ရှောင်ကြဉ် တာနဲ့ဟာ တစ်ခြားစီးပါ။
အဲဒါကြောင့် သီလ မဂ္ဂင် ကို ...
"အနိယတ စေတသိက်" ဆိုပြီး သဂြုင်္ိလ်မှာ ရေးထားပါတယ် ။ "ဝိရတီစေတသိက် "လို့လဲ ရေးပါတယ်။ "အနိယတ စေတသိက် " ဆိုတာ တစ်ခုဝင်ရင် တစ်ခု မရှိဘူး၊ မမြဲဘူးပါဘူး လို့ ဆိုလိုတာပါ။
" ဝိရတီစေတသိက်"ဆိုတာကတော့ ပေါင်းပြီး ခေါ်လိုက်တာပါ။ အကုန် ရှောင်ကြဉ်တဲ့ တရားတွေပါဘဲ။ မဂ်အစစ် ရပြီ ဆိုလို့ ရှိရင် ပြိုင်ပြီး ဝင်လာပါလိမ့်မယ်။
ဒါ့ကြောင့်
အနိမ့်ဆုံး" သောတာပတ္တိမဂ်"ရတဲ့ ပုဂ္ဂိုလ်ဟာ
ပါဏာတိပါတလည်းမလွန်ကျူး၊
မုသာဝါဒလဲ မလွန်ကျူး၊
မိစ္ဆာဒိဋ္ဌိ ဆိုတာလဲ မလာတော့ပါဘူး၊
သူက ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ ကာယကံသုံးပါး နဲ့ မုသာဝါဒ၊ ပိသုစဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ ဝစီကံ လေးပါး။
မနောကံ ကတော့ဖြင့် "အဘဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ" ဒါ မနောကံ သုံးပါး …။
အဲဒီတော့..
မိစ္ဆာဒိဋ္ဌိ တစ်လုံးပယ်လိုက်လို့ ရှိရင် အကုန် သီလ လည်း အလိုလို လုံသွားပါတယ်။သမာဓိကော … လုံသွားပါတယ်။
ကာယကံလဲ လုံတယ်။ ဝစီကံလဲ လုံတယ်။ သမ္မာဒိဋ္ဌိ မဖြစ်လာ သေးသရွေ့ ကာလပတ်လုံး … သီလလဲ မမြဲပါဘူး။
ဒိဋ္ဌိပယ်နိုင်မှသာ သီလမြဲပါတယ်။
ဒီတော့ ...
ဓမ္မိတ်ဆွေတို့ "သမ္မာဒိဋ္ဌိ"အစစ် ဖြစ်သွားပြီ ဆိုလို့ ရှိရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ အတိုင်း ဒိဋ္ဌိ ပယ်နိုင်ရင် သီလမြဲပါတယ်။ ဒိဋ္ဌိ မပယ်နိုင်သေးရင် … သီလမမြဲပါဘူး။
သီလ ပျက်စေတာလဲ ဒိဋ္ဌိ ပဲ။
သမာဓိ ပျက်စေတာလဲ …ဒိဋ္ဌိ ပဲ။
ဝိပဿနာ ပျက်စေတာလဲ … ဒိဋ္ဌိပါဘဲ။ သောတာပန်တည် သွားတော့ ၊ ဒိဋ္ဌိတစ်လုံးပယ်ရင် "ဝိစိကိစ္ဆာ" လည်း အလိုလို ပယ်သွားတာပါပဲ။သူ တစ်လုံး ပယ်လိုက်လို့ ရှိရင် သီလကလဲ မြဲတယ်။သမာဓိကလည်း … မြဲတယ်၊ပညာကလည်း … မြဲပါတယ်။
အဲဒီတော့..
"မဂ္ဂင် ရှစ်ပါး"မှာ ဓမ္မမိတ်ဆွေ တို့ ဟာဒီ "ဒိဋ္ဌိ" မပြုတ်သရွေ့  ကာလပတ်လုံး ဘယ်"သီလ"မှလဲ အားကိုးလို့ မရသေးပါဘူး ဆိုတာ သက်သေ သာရက ပါဘဲ။ မိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သီလ ဝိသုဒ္ဓိ ဖြစ်ရုံနဲ့ ဘာမှ မလုံလောက် သေးဘူး ဆိုတာ မှတ်ထားရပါမယ်။
"ဒါန၊ သီလ "လောက်နဲ့ သာလုံလောက် လို့ ရှိရင် "ဒိဋ္ဌိ ဝိသုဒ္ဓိ"လို့ နောက်ထပ် ဘယ်ဘုရားမှ ဟောဖို့ လိုမှာ မဟုတ်ပါဘူး။မြတ်စွာဘုရားရှင် က"သီလဝိသုဒ္ဓိ " ပြီးတော့ "ဒိဋ္ဌိ ဝိသုဒ္ဓိ " ကို ဘုရားဟောပါတယ်။ ဘာဖြစ်လို့ ဟောသလည်းဆိုတော့ "ကျင့်စဉ်"တဲ့၊ "သီလဝိသုဒ္ဓိ"တခုထဲနဲ့ က "အပါယ်လေးပါး " တံခါး ပိတ်တဲ့ တရားက မပါ သေးလို့ ဖြစ်ပါတယ်။ဒိဋ္ဌိက ကျန်နေသေးလို့ ပါ။ ဒီ.."ဒိဋ္ဌိ"ကြောင့် အပါယ် ကျရတာကိုး..။
ဒါကြောင့်....
"ဒိဋ္ဌိ"ကွာသွားဖို့ အရေးကြီးပါတယ်။
ဘာ "ဒိဋ္ဌိ"လည်း ဆိုတော့ "သက္ကာယဒိဋ္ဌိ " ပါ။"သက္ကာယဒိဋ္ဌိ" ခွာပြီးလို့ ရှိရင် "သဿတ နဲ့ ဥစ္ဆေဒ" လဲ မလာတော့ပါဘူး။
ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ...တဲ့၊
" ဒွါသဋ္ဌိ ဒိဋ္ဌိယော" ခြောက်ဆယ့်နှစ် ပါးသော ဒိဋ္ဌိတို့သည်၊ ဥပ္ပဇ္ဇမာနာ ဖြစ်ကုန်သည် ရှိသော်၊ သက္ကာယ ဒိဋ္ဌိ ပမု ခေနေဝ သက္ကာယ ဒိဋ္ဌိ တစ်ဦး ရှိသဖြင့် သာလျှင်၊ ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏..တဲ့။ ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိဟာ သူရှိလို့ ဖြစ်လာတာ … လို့ ဆိုပါတယ်။
ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိတို့ဟာ သက္ကာယဒိဋ္ဌိ ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ဒါကြောင့်...
"ပထမ မဂ်"ဘာကြောင့်ရတာတုန်း ဆိုတော့ "ဒိဋ္ဌိ" ပြုတ်လို့ ရပါဘဲ ဖြစ်ပါတယ်။
"ဒိဋ္ဌိနိရောဓော နိဗ္ဗာန်"တဲ့ …
ဒိဋ္ဌိ ချုပ်လို့ မဂ်ရသွားတာ ဘဲ ဖြစ်ပါတယ်။
ကောင်းကင်ပျံတက်တဲ့ ငှက်ဟာ အဆိပ်ပါသွားရင် ပြန်ကျကို ကျပါလိမ့်မယ်။လန့်ပြီး ပျံရင် သာပျံမယ်။ အကျ မလွတ်ပါဘူး။အဆိပ် မပြန့်တဲ့ အချိန် ပျံနိုင်တယ်။ ပြန့်တဲ့ အချိန် ပြန်ကျမယ်..ဒီသဘောပါဘဲ။
သက္ကာယဒိဋ္ဌိဖြုတ်နည်းက..
မဂ် လေးခု စလုံးမှာ ဓမ္မမိတ်ဆွေတို့ကို တားနိုင်တာ "ဒိဋ္ဌိ"ပဲ ။ သူ့ ကို ပယ် လိုက်ပြီ ဆိုတာနဲ့  အထက်မဂ်တွေ အတွက် တရားအားထုတ်စရာ၊ ပယ်စရာ၊ ဒီ့ပြင် ဟာတွေကို ရပ်နားပြီး ကိုယ်နေချင်သလို နေလို့ ရပါတယ်။ဝိသာခါ ကိလေသာထူပြောတဲ့ ပုဂ္ဂိုလ်မို့ ခုနစ်ဘဝ ကနေ ခုနစ်ဘဝ ထက် ပိုနေလို့ ရသေး သလား ဆိုတော့ ဒိဋ္ဌိ ပြုတ်ပြီးသား ပုဂ္ဂိုလ်မို့ နေလို့ကို မရပါဘူး။
ဒီတော့..ပရမတ် တွေ့တိုင်း၊ တွေ့တိုင်း သြော် .. ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှု ရှုပေးပါ။ ပရမတ် ကလေး တစ်ခု တွေ့တိုင်း၊ တွေ့တိုင်း … "ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ"မဟုတ်ဘူးလို့ ရှုပေးရ ပါမယ်။
ငါ့ကိုယ် ဆိုတာက တဏှာ၊
ငါ့ဟာ ဆိုတာက မာန၊
တစ်ခုသော တရားထဲကို ငါ့ကိုယ်၊ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး။
ဒီဟာ ကလေးဟာ ဖြစ်ပြီး ပျက်တတ်တဲ့...သဘောသက်သက်ပဲလို့သာ ဓမ္မမိတ်ဆွေတို့ ဉာဏ်ထဲမှာ ရှုနေကြမယ် ဆိုလို့ ရှိရင်...
"ဒိဋ္ဌိ" ဖြစ်မနေ တော့ပါဘူး။
"ဒိဋ္ဌိ" မဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီတရား ကလေးဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ငါ့ဥစ္စာ မဟုတ်ဘူး။
ဒီ ခန္ဓာ ကြောင့် "ဒိဋ္ဌိ" ဖြစ်တာကိုး …
"ခန္ဓာ အဝိဇ္ဇာ ဖေဿာစ"
ဆိုတဲ့အတိုင်းပဲ ခန္ဓာကြောင့် ဒိဋ္ဌိ ဖြစ်နေတာ … ။ဒီ ခန္ဓာမှာ ဘယ်လို ကပ်နေတုံး ဆိုတော့ "ဒိဋ္ဌိ" ရိုးရိုးမှ မဟုတ်ဘဲ "ဒိဋ္ဌိုပါဒါန်" လို့ ဆိုထား တဲ့ အတွက်ကြောင့် ဓမ္မမိတ်ဆွေ တို့ ...
ခန္ဓာ ထဲမှာ ဝေဒနာဖြင့် ဝေဒနာထဲမှာ၊ သညာဖြင့် သညာထဲမှာ၊ စိတ်ဖြင့် စိတ်ထဲမှာဆိုပြီး အနုသယ သဘောနဲ့ ဒီခန္ဓာထဲမှာ စူးဝင်နေပါတယ်။ အဲဒီလို စူးဝင်နေတဲ့ အတွက် ကြောင့်" ဒါ ငါပဲ၊ ဒါ ငါပဲ ဆိုပြီး ဝေဒနာလာ လည်း သူက ငါသွားပြီး စူးဝင်တာပါပဲ ။ သညာ လာလည်း ငါ သွားပြီး စူးတာပါပဲ၊အဲဒီလို ငါ "ဒိဋ္ဌိ"က သွား၊သွား စူးပါတယ်။
အဲဒီတော့ စူးစရာ မရှိအောင် ဓမ္မမိတ်ဆွေတို့က လုပ်ဖို့ အရေကြီးတာက ပရမတ် ကလေးတွေကို ပရမတ် ဖြစ်တဲ့၊ ဝေဒနာ ကလေးတွေကို ဝိညာဏက္ခန္ဓာ ဆိုတဲ့၊ စိတ်ကလေးတွေကို သွားစူး စရာ နေရာ မရှိအောင် ဓမ္မမိတ်ဆွေတို့က မြင်ရပါမယ် … ။
အဲဒီလို သူ စူးစရာ နေရာ မရှိအောင် မြင်လို့ ရှိရင်..
မခိုင်မြဲတာကို မြင်ရင်...အခု ချက်ချင်း ပျက်သွားတာ မြင်လို့ ရှိရင် သူ မစူးတော့ပါဘူး။
တစ်ချက်ချင်း ပျက်သွားတာ..မမြင်ရင်တော့ စူးနေအုံးမှာပါဘဲ။
"ဒိဋ္ဌိ" ဖြုတ်ချင်လို့ ရှိရင်...
မြန်မြန် ဖြစ်ပျက် မြင်လေလေ၊
ဖြစ်ပျက်ကလည်း မြန်လေလေ၊
ရှုလိုက်တဲ့အခါ ဝေဒနာကလေး ကလည်း ရှုလိုက်တာနဲ့  ဖြစ်ပျက်၊ နောက်ဝေဒနာလဲ ဖြစ်ပြီး ပျက်နေတာပဲ ဆိုလို့ ရှိရင် "ဒိဋ္ဌိ" ဝင်ခွင့် မရတော့ဘူး။
အဲဒီလို ရှုမှတ်နေရင်း...
တစ်ခုသော "ဓမ္မကလေး" ပေါ်လာလို့ ရှိရင် "အနိစ္စ၊ဒုက္ခ၊အနတ္တတွေပဲ။ ငါ့ကိုယ်၊ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါလား။
အနိစ္စ ပြလို့  မာနစင် ရတယ်။
ဒုက္ခပြရင် လောဘ စင်တယ်။
အနတ္တ ပြရင် ဒိဋ္ဌိစင်တယ်။ ဒီလို ဖြစ်ပျက် တရားတွေကို ငါ့ ကိုယ်လဲ မဟုတ်ဘူး။ ငါ့ဟာလဲ မဟုတ်ဘူး။ ငါ့ဥစ္စာလဲ မဟုတ်ဘူး ဆိုတာ ရှုနိုင်ရမယ်။ ရှုနိုင်လို့ ရှိရင်...
သပ္ပုရိသာနံ အဒဿာဝီ ဆိုတဲ့ အတိုင်း သူတော်ကောင်းတရားကို မမြင်သေးဘူး ဆိုပေမယ့်လည်း...
ဒီလို ရှုတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ သူတော်ကောင်းတရား ကို မြင်သွားပါပြီ ။
ဒါ့ကြောင့် "သက္ကာယဒိဋ္ဌိ" လောက် အရေးကြီးတဲ့ တရား ဆိုတာ မရှိပါဘူး။
သောတာပန်အရိယာပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာပြီးတဲ့နောက် သိသင့်တဲ့အချက်က...
အထက်နိဗ္ဗာန်တွေကို တားမဲ့တရား မရှိတော့ပါဘူး၊
သကဒါဂါမ်မြင်တဲ့ နိဗ္ဗာန်၊
အနာဂါမ် မြင်တဲ့ နိဗ္ဗာန်၊
ရဟန္တာမြင်တဲ့ နိဗ္ဗာန်၊ ဆိုပြီး..နိဗ္ဗာန်တွေကလည်း ရှိသေးတော့ အဲဒီ နိဗ္ဗာန်တွေကို ဘယ်နည်းနဲ့ မှ မတားပါဘူး။ သူ့ဟာသူပဲ ကျင့်ကြံအားထုတ်ရင်တက်သွားကြမှာပါပဲ။
သောတာပန်ဖြစ်မဲ့ ခြေလှမ်း လှမ်းဖြစ်ဖို့ လိုပါတယ်။ သောတာပန် ပုဂ္ဂိုလ် က လည်း အားထုတ်ချင်တဲ့ စိတ်ကလဲ ပေါ်လာမှာပါဘဲ။ မပေါ်ပါနဲ့ ဆိုလို့ မရပါဘူး။ သူ့ဟာသူ ပေါ်သွားတာ။ခြေလှမ်းမိလိုက်တာနဲ့ ခရီးဆုံးအောင် လှမ်းနေတော့မှာပါဘဲ..။
အထက်မဂ် တွေကို၊ အရှင်ဘုရား တပည့်တော်ကို အထက်မဂ် ရကြောင်း တရား ဟောပါဦးလို့ ပြောဖို့ မလိုဘူး တဲ့...ဆရာတော်ကြီးက ဟောပါတယ်။
ဒိဋ္ဌိပြုတ်ပြီးသား သောတာပတ္တိမဂ်သာ ရခြင်း၏ အကြောင်း လေးပါးဘဲ ဘုရားဟောပါတယ်။သကဒါဂါမိမဂ် ရခြင်း၏ အကြောင်းလေးပါးလို့ ဘုရားက မဟောတော့ ပါဘူ။ အနာဂါမိမဂ် ရခြင်း၏ အကြောင်း၊ ရဟန္တာဖြစ်ခြင်းအကြောင်း လေးပါးလို့ မဟောပါဘူး။
သောတာပန် ဖြစ်ခြင်း၏ အကြောင်းသာ လေးပါး ဘဲ ဟောပါတယ်။
တစ်လက်စာထဲ သောတာပန် ဖြစ်ဖို့ အကြောင်းလေးပါး ကို ဖေါ်ပြရရင်...
၁။သူတော်ကောင်းနဲ့ ပေါင်းရမယ်။
၂။တရား နာရမယ်။
၃။နှလုံးသွင်း ကောင်းရ မယ်။
၎။အပျက် နဲ့ မဂ်နဲ့ ကိုက်ရမယ်။
ဒီတော့ သောတာပန် တည်တာ ကလဲ ဒိဋ္ဌိ ပြုတ်လို့ တည်တာပါ။
ဒိဋ္ဌိ ပြုတ်တယ် ဆိုလို့ ရှိရင် သူ့ဟာသူ နှိုးဆော်သွားပါတယ်။ ရဲရင့်သွားပါတယ်။
ဒိဋ္ဌိ ပြုတ်ရင် "အထက်မဂ်၊အထက်ဖိုလ်"သာ သူရဖို့ ရှိတော့တယ်။ မရပါနဲ့ လို့ တောင် တားလို့ ..မရပါဘူးတဲ့။ခြေလှမ်းက လှမ်းမိပြီးသွားပါပြီ။
နဂိုက တားထားတယ် ဆိုတာ "ဒိဋ္ဌိ"ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် "သက္ကာယဒိဋ္ဌိ" ပြုတ်ဖို့ပဲ အရေးကြီးပါတယ်။သက္ကာယ ဒိဋ္ဌိ ပြုတ်လို့ ရှိရင်...
သကဒါဂါမ် ဖြစ်ရ ပါလို၏ ဆုမတောင်းနဲ့။ အနာဂါမ် ဖြစ်ရ ပါလို ၏ လို့  ဆုမတောင်းပါနဲ့ ။ ဒီမဂ်က ဆောင်သွားပါလိမ့်မယ်၊ရဟန္တာ ဖြစ်အောင်လည်း သူပဲ ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ .. ဒီ" ဒိဋ္ဌိ"ပြုတ်လိုက်တာနဲ့ ဘယ်နည်းနဲ့ မဆို "နိဗ္ဗာန်" သေခြာပေါက်ရောက်နိုင်ပါပြီလို့  အသိပေးရင်း.. "ဒိဋ္ဌိ"..ဖြုတ်နည်း ဖြစ်တဲ့ "နိဗ္ဗာန်ရောက်ဖို့ ..ပထမ ခြေလှမ်း"ကို ဓမ္မဒါနပြုလိုက်ပါသည်။
ကျန်းမာချမ်းသာကြပါစေ။
( ခန္ဓာ-၅ပါးတစ်ဦး )
နိုဝင်ဘာ၊ ၂၃ရက်၊၂၀၁၆
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတဲ့ ဒိဋ္ဌိဖြုတ် တရားတော်မှ ကောက်နှုတ်ပါသည်။

No comments:

Post a Comment